Thursday, May 19, 2011

တဲအိုလေးတစ်လုံး

“မောလိုက်တာ”

“မယ်မြ”

“မယ်”

“မယ်”



ဖယောင်းတိုင်မီးက အမှောင်ကို တွန်းထုတ်နေတယ်။

မီးညွှန့်က တိုလိုက် ရှည်လိုက်မို့ အလင်းအ၀ိုင်းက ကြီးလာရင် ခပ်ဝါးဝါး မျက်နှာလေးနှစ်ခုကိုတွေ့ရတယ်။

အလင်းအ၀ိုင်းက သေးသွားရင် အမှောင်က နှစ်ယောက်လုံးကို ၀ါးမျိုသွားသည်။



“ကျုပ်ရှိနေပါတယ် ကိုမြိုင်”

ရုတ်တရက် လေအေးတချက်က ၀င်လာတော့ ဖယောင်းတိုင်မီးက ငြိမ်းမလိုဖြစ်သွားသည်။

မိုးသံလေသံမှအပ ပတ်ဝန်းကျင်တခုလုံး သက်မဲ့နေသည်။



ပြန်လင်းလာတဲ့ ဖယောင်းတိုင်မီးအောက်မှာ ဖယောင်းတိုင်ထွန်းထားတဲ့ နို့ဆီခွက်အခွံလေး။

ဖယောင်းသားတွေ ၀နေတယ်။ ခေါင်းရင်ဘက်မှာတော့ ခေါင်းတခုလုံး ဆွတ်ဆွတ်ဖြူနေပြီး

အသားတွေက ချောက်ကပ်နေလို့ အရိုးပေါ်အရေဖုံးနေတဲ့မျက်နှာ။



သူမပါးစပ်က တလှုပ်လှုပ်နဲ့ အဖွားအိုတစ်ယောက်။ မိုးသက်လေပြင်းထဲ

တဲအိုလေးထဲမှာ အဖွားအိုစုံတွဲ လေဆန်ကိုလဲ တောင့်ခံရင်း လေဆုန်ကိုလဲ

အချင်းချင်းလက်ချင်းယှက် သူတို့ခွန်အားရှိသလောက် ကူးခတ်နေကြသည်။



ပိတ်ဖြူရင်ဖုံးပါးပါးလေးနဲ့ သူမလဲ ချမ်းနေရှာသည်။ သို့သော် သူမမျက်ဝန်းက

ကောက်ရိုးတမျှင်ကို သံယောဇဉ်ပိုးချည်ကြိုးတွေနဲ့ ရှုန်းကန်ယက်လုပ်နေသည်။

ခွန်အားမဲ့ခြင်း၊ မျှော်လင့်ခြင်း၊ အားမရခြင်းတွေတွေ့ရသည်။ သို့ပေမယ့်

မလျှော့သောမျှော်လင့်ချက်က သူမလက်တွေကို ခိုင်မြဲနေစေသည်။



ပက်လက်လေးလှဲနေတဲ့ မျက်နှာတစ်ခုက သူမအတွက် တစ်ကမ်ဘာအလား။

သူမလိုပင် ဆံဖြူဖြူတွေ အသားမဲ့နေတဲ့ မျက်နှာလေးတခုကို ငေးမောလို့။

သူအတော်ပင်ပန်းနေရှာပြီး။ သူဟာ သူမအတွက် တစ်သက်လုံး ရုန်းကန်ခဲ့ရတယ်။

ဟောခုလဲ သူရုန်းကန်နေရှာတယ်။ ဒါက သူ့အတွက်ရုန်းကန်းနေတာ မဟုတ်ဘူး။

သူမအတွက် သူရုန်းကန်နေတာ။ သူ မရှိတော့ရင် သူ မရှိတော့ရင်။ သူ သူမကို

စိတ်မချရှာဘူး။ ဟောဒီတဲအိုလေးမှာ သူ သူမကို မထားရက်နိုင်ရှာဘူး။



ခေါင်တိုင်ကလှုပ်ရမ်းသွားသည်။ လေပြင်းတွေ ပိုထန်လာသည်။ မိုးသားတစက်က ပေါက်ကနဲ့

ဖယောင်းတိုင်ခွက်ပေါ်ကျသည်။ အမှောင်ကို စိုးထိတ်သွားတဲ့ သူမ လက်တွေက

အလိုလို ဖယောက်တိုင်လေးကို ကာလိုက်သည်။ ဟောဒီလို သူမလက်တွေနဲ့ သူ့ကို

ကာကွယ်ပေးချင်ရဲ့။ ဟောဒီလက်တွေနဲ့ သူမ သူ့ကို တွဲထူပေးချင်ရဲ့။ သို့သော်

သူမမှာ ခွန်အားမရှိဘူး။ ဖယောင်တိုင်းက တစတစ တိုဝင်လာသည်။



သူ့အသက်ရှူသံလဲ တိုးသွားသယောင်သူမထင်သည်။ ”ကိုမြိုင်” လေပြင်တချက်ဝိုက်

ကနဲ့ သူမ ရှိုက်သံက တဲခေါင်တိုင်ပင် လှုပ်သွားသည်။ သူမကလေးတွေကို

သတိရသွားသည်။ သူတို့လေးတွေ အဝေးမြို့တွေဆီမှာ အဆင်ပြေပါစ။ ဟိုးတုန်းက

ဒီတဲလေးမှာ မိသားစု ပျော်ပျော်ပါးပါးရှိခဲ့ဖူးသည်။ ကိုမြိုင်က တံငါလုပ်သည်။



သူမက ပဲကောက်သည်။ ရရစားစားပင်။

“မယ်မြ” “ကိုမြိုင်” “မယ်မြ စိတ်မပူနဲ့”

“ငါ မသေနိုင်ပါဘူး” “ကိုမြိုင် စကားသိပ်မပြောနဲ့ တရားလေးမှတ်နေပါ ကိုမြိုင်ရယ်”

“မယ်မြ အတွက်မပူပါနဲ့” သူမ ရှိုက်သံက တိတ်တခိုး တိုးငင်နေသည်။

သူကြားသွားလေသလား။ တချက်တုံ့ကနဲ သူလှုပ်သွားသည်။ တိုးတိုးလေး “မယ်မြ”

သူမ ခေါ်သည်ဟုထင်မိတာလား။ သူခေါ်လေသလား။ အဝေးက ခွေးအူသံသဲ့သဲ့ကြားရသည်။

သူမ စိတ်အားငယ်လာသည်။ မျက်ရည်တစ်စက်က သူမပါးပြင်မှ ပေါက်ကနဲ့ ကျသည်။

ကိုမြိုင်မောသွားသည် ထင်သည်။

တုပ်တုပ်မျှမလှုပ်တော့။ သူမငြိမ်ငြိမ်လေးနေသည်။ သူနိုးမှာ စိုးသည်။



သူအေးချမ်းပါစေ။ သူသက်သာပါစေ။ သူမ ရင်ထဲ ပဲတင်သံထပ်နေသည်။

ရင်ဘက်ထဲက အောင့်သလိုလိုမို့ သူမ အသာအယာ သူ့ဘေးမှာ လဲလိုက်သည်။

ကြမ်းခင်းပေါက်မှ လေအေးက သူမကို ကြက်သီးထစေသည်။ သူမ မီးစာလေးကို

ငေးရင်း သူမ မိုးသက်လေပြင်းတွေကို နားထောင်းရင်း သူမ သူ့အသက်ရှူသံကို

နားစွင့်ရင်းသူမ သူမ တဖြည်းဖြည်း မျက်တောင်တွေ ငေးစိုက်လို့ တမှေးမှေး။



တဲအိုလေး ခဏာတာ တိတ်ဆိတ်သွားသည်။ ဖယောင်းတိုင်မီက ယိမ်းကလျှက်။

တဲခေါင်တိုင်ကြီးက တကျီကျီ။ မိုးစက်လေးက တခါတရံ သူမ

လက်ဖ၀ါးတည့်တည့်ကျသည်။ခွေးတွေက အူသည်။ နံနက်ခင်းက

အလင်းဖေါက်ချိန်မှာတော့ ခပ်ဝေးဝေးက လယ်တောဆင်း သီချင်းသံ ကြားရသည်။

တဲကလေးသည် တိတ်ဆိတ်လျှက်။ ဖယောင်းတိုင်က လောင်စာကုန်သဖြင့်

ငြိမ်းခဲ့ပြီးပြီ။ လက်ချောင်းကလေးတဖက် တချက်လှုပ်လိုက်သည်။ နောက်

မျက်ဝန်းတွေ တချက် ဟောနောက်တချက် ခတ်လိုက်သည်။ လယ်တော ယာခင်း

တဲလေး အားလုံးအားလုံးငြိမ်သက်လျှက်ရှိလေပြီ။ မျက်ဝန်းက

လုံးလုံးဖွင့်လိုက်ချိန်မှာတော့ “မယ်မြ” “မယ်မြ” ။ သူငေးလျှက် ငြိမ်းနေသော

ဖယောင်းတိုင်ငုတ်တိုကို ကြည့်သည်။ သူမသည် ငြိမ်လျှက် ငေးလျှက် တွေးလျှက်

မျက်ရည်တို့သည် ခမ်းခြောက်နေသည်။ ငိုမရ ရယ်မရ နှုတ်ခမ်းတို့

တလှုပ်လှုပ်ပေမယ့် သူ ဆိုမရလေပြီ။ လှဲရင်း ထဖို့သူအားမရှိပြီ။ သူအနားမှာ

နောက်ဆုံးအချိန်ထိ အဖော်ပြုလှဲစက်ခြင်းနဲ့သူမ ကြိုတင်ထွက်ခွာသွားနှင့်လေပြီ။

သူရဲ့နောက်ဆုံး နှုတ်ဆက်သံ မယ်မြ ကိုသူမ မကြားရှာတော့။ သူသည်လည်း

နောက်တခွန်းခေါ်ရန်အတွက် သူ မတတ်နိုင်တော့ပါ။ သူ့စိတ်ဝိဥာဉ်သည်လည်း

မယ်မြအဆုံး ငြိမ်သက်စွာ ထွက်ခွာသွားပါတော့သည်။

No comments:

Post a Comment