ကာလသားတစ်သိုက်လည်း မောင်လူမွှေးသည် ထွေးညိုအား နှစ်သက်နေကြောင်း အကဲခတ်မိပေသည်။ ထို့ကြောင့် မောင်လူမွှေးအတွက် တိုင်ပင်မိကြသည်။ ထုံစံအတိုင်း ညဦးပိုင်းပေမယ့် အများစုအိပ်ကြလေပြီ။ အပျိုများကတော့ မောင်ကြီးလာရန်မျှော်သည် ဆိုရမလား အိပ်ယာထဲ လူးလှိမ့်နေပေမည်။ ရွာလယ်ကန်ဘောင်က ကုက်ကိုပင်ကြီးခြေရင်းတွင် ကာလသားတသိုက် ဆူညံနေသည်။ အဓိကဇာတ်ဆောင် မောင်လူမွှေးမှာ ရောက်မလာသေး သဖြင့် ရောက်တတ်ရာရာပြောဆိုနေကြသည်။ တောရွာတို့မည်သည် ရည်းစားထားလျှင် အောင်သွယ်တော် ကောင်းကောင်းလိုကြသည်။ မြို့မှာလို နောက်ကလိုက် စကားပြောသော အလေ့အထမရှိကြပေ။ အောင်သွယ်တော်မှတဆင့် စကားလက်ဆောင်ပါးကြ၊
မိန်းကလေးဘက်မှ သဘောကျမှ ချိန်းတွေ့ကြသည်။ သမီးရည်းစားဖြစ်ကြသည်။ မောင်လူမွှေးမှာတော့ အောင်သွယ်တော်မရှိရှာပေ။ လုံမပျိုသည် အိမ်တွင်သာနေသဖြင့် ပြင်ပ အသိမရှိရှာပေ။ တဦးတည်းသော ပြင်ပဆက်ဆံသူမှာဘဘကြီးသာ ရှိသည်။ ထို့ကြောင့် ကာလသားများ၏အစီအစဉ်မှာ လျှောက်ပြန်သံပေးပြီး အခွင့်အရေးရှာဟုသာ အဖြေထွက်လာသည်။ ယနေ့ညမှာ ထိုအစီအစဉ်ကို စတင်ရန်အတွက် လူစုနေကြခြင်းဖြစ်သည်။
မောင်လူမွှေးတစ်ယောက် အိမ်မှာအလုပ်ရှုပ်နေသည်။ အရင်က အိမ်နေရင်း အင်္ကျီလေးဖြင့် သွားနေကြ၊ ဒီညမှ မှန်ကြည့်လိုက်၊ အင်္ကျီအသစ်လေးကို ကော်လံခေါက်လိုက်၊ ခေါင်းဖီးလိုက်ဖြင့် အလုပ်များနေသည်။ ထို့နောက် လေတချွန်ချွန်ဖြင့် အခန်းမှ အထွက် တခုခုမေ့ဟန်ဖြင့် ပြန်ဝင်သွားပြန်သည်။ ခေါင်းရင်းစဉ်ပေါ်မှ ရေမွှေးပုလင်းကို လက်အလှန်း တခုခုစဉ်းစားမိပြီး ပြုံးနေပြန်သည်။ အော် ငါ့နှယ် ခုရေမွှေးဆွတ်အုံး သူသိပမလား။ သို့သော် နှစ်ချက်လောက်တော် ဖြန်းလိုက်သည်။ ယခုမှ နေသားကျသလို ခံစားမိသည်။ ကပြင်က ခြေညှပ်ဖိနပ်ဝတ်ရင်း စုရပ်ဆီသို့ သီချင်းတအေးအေးဖြင့်...။
ကာလသားတစ်သိုက်မှာ ထိုင်သူထိုင်၊ ဆေးလိပ်ဖွာသူဖွာနှင့်ကြိုဆိုနေကြသည်။ မောင်လူမွှေးမှာလည်း တချိန်လုံးသူများနောက်လိုက်ပေးနေရာမှ သူ့အလှည့် ရောက်လာသဖြင့် ပြုံးစစလုပ်နေသည်။ ထို့ကြောင့် ကာလသားတစ်ယောက်က
လူမွှေးမင်းပြုံးနေပုံက ရွာဦးကျောင်းက ကြေးစည်သံကြားလို့ အူမြူနေတဲ့ အောင်နက်ကြီးကျနေတာဘဲကွာ။
မောင်လူမွှေးလည်း ပြောချင်တာပြောပါစေကြည်နူးလို့သာနေသည်။
ထိုည ထွေးညိုသီချင်းက ဘဘကြီးတို့ခြံနားဝယ် ပျံ့လွင့်လို့နေပါသည်။
ပန်းစံပယ် သြော် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကိုကုံးရတယ်
ထွေးညိုလေးရယ် အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်။
ကာလသားတသိုက်လည်း သီချင်းနှစ်ပိုဒ်လောက် ဘဘကြီးအိမ်နားဝယ်သီဆိုရင် ပြန်ခဲ့ကြသည်။ နောက်တစ်နေ့နံနက်တွင် ဘဘကြီးက အခေါ်လွတ်သဖြင့် မောင်လူမွှေးတစ်ယောက် ရင်တထိတ်ထိတ်ဖြင့် သွားခဲ့သည်။ အိမ်ရောက်တော့ အိမ်ရှေ့ကွပ်ပျစ်တွင် ဆေးတံကြီးခဲလျှက် ဘဘကြီးက ကြိုနှင့်သည်။ မောင်လူမွှေးလည်း ဦးညွတ်နှုတ်ဆက်လျှက် အသာယာဝင်ထိုင်းလိုက်သည်။ အိမ်ရှေ့ရာဝင်အိုးနားဝယ် လုံမငယ်သည် ဘုရားပန်းများကို ဆေးကြောနေသည်။ နံနက်မိုးသောက် ဘုရားပန်းကပ်ရန်အတွက်ဖြစ်သည်။ ဘဘကြီးက ချောင်းတချက်
ဟန်ကာ စကားစရန်ပြင်သည်။ ငေးမိနေသော မောင်လူမွှေးလည်း လန့်ဖြန့်ကာ ဘဘကြီးအားကြည့်မိသည်။
ဒါနဲ့ မောင်လူမွှေးကို မေးရအုံးမယ် ညက သီချင်းလာ ဆိုကြတာ မောင်တို့လားကွဲ့
ဟုတ်ပါတယ် ဘကြီး ။
လုံမပျိုသည် ကြားသည် ထင်ရသည်။ မောင်လူမွှေးတို့ဘက် တချက်လှမ်းကြည့်သည်။ ထို့နောက် ပန်းအိုး လေးမကား အိမ်ပေါ်တက်သွားသည်။ ဘဘကြီးမှာ မည်သည့်စကားမှ မဆိုဘဲ တခုခုကို လေးလေးနက်နက်တွေးနေပုံရသည်။ မောင်လူမွှေးလည်း အသံမပြုရဲဘဲ တိတ်နေသည်။ လုံမပျိုသည် အိမ်အပေါ်ထပ်မှ လှမ်းကြည့်နေသည်။ ဘဘကြီးထံမှ
ဟင်းကနဲ သက်ပြင်းချသံကြားရသည်။ အေးကွယ် မောင်လူမွှေး အခေါ်လွှတ်ရတာ ဘာမျှအရေးတကြီး မဟုတ်ပါဘူး ဘဘခရီးထွက်စရာရှိတယ်။ မင်းနှမကလဲ အဖော်အပေါင်းမရှိရှာပေဘူး။ စောင့်ရှောက်ပါကွယ်။
စိတ်ချပါ ဘဘ။
အဲဒါ ဘဘမရှိတုန်း သမီးလေးကို ကိုယ့်နှမလေးကို စောင့်ရှောက် ပေးစမ်းပါ။ ဘဘလဲ လေးငါးရက်တော့ကြာမယ်။ မြို့က အမွေဆိုင်ကိစ်စတစ်ချို့ သွားရှင်းစရာရှိလို့ကွဲ့။ မင်းဒေါ်လေးလဲ ရှိမှာပါ။ ဘဘမရှိတုန်း တခုခုအရေးအကြောင်းဆို ယောင်္ကျားသားတစ်ဦးတယောက်လောက်လိုသကွဲ့။ မောင်လူမွှေးကို ဘဘအကဲခတ်ရသလောက် ဘဘစိတ်ချတယ်ကွဲ့။
ကဲကဲ ဒါဘာဘဲ ရောက်တုန်းလေး မင်းနှမလက်ရာ ကောက်ညှင်းပေါင်းလေး မြည်းသွားပါအုံး။
သမီးရေ.. ကောက်ညှင်းပေါင်းလေး သမီးအကိုအတွက် ယူခဲ့ပါအုံး။
လုံမပျိုလည်း ကြွေပန်းကန်ပက်လက်လေးတွင် ကောက်ညှင်းပေါင်းထည့်ကာ လာချသည်။ ထို့နောက် ကိုယ်လေးတချက်ရို့ကာ နှုတ်ဆက်သည့်သဘောဖြင့် မောင်လူမွှေးအား မျက်လွှာတချက်ပင့်ကြည့်ကာ အိမ်ပေါ်ပြန်တက်သွားလေသည်။
မောင်လူမွှေးလည်း လယ်တောအကြောင်း ပြောဆိုရင်း ဘဘကြီးနှင့် ရေနွေးတကြိုက် ကောက်ညှင်းစားလိုက်ဖြင့်
စကားလက်ဆုံကြနေသည်။ ထို့နောက်
ဘဘရေ ပြန်လိုက်ပါအုံးမယ်။ ယာခင်းဘက် သွားကြည့်စရာလဲရှိသေးလို့ ခွင့်ပြုပါ
ဆိုကာ ပြန်ခဲ့သည်။ အပြန်တွင် ရင်ထဲ ပျော်သလိုလို ကြည်နူးသလိုလိုဖြင့် တကိုယ်လုံး လေပေါ်မြောက်နေသလို သူခံစားနေမိသည်။
နောက်တစ်နေ့ ဘဘကြီးလဲ ခရီးထွက်လေသည်။ မောင်လူမွှေးလည်း ရေခပ်၊နွားစာကျွေးအလုပ်များကို လုပ်ကိုင်ပြီးသကာလ လုံမပျိုတို့အိမ်ဖက်ထွက် လာခဲ့သည်။ ခြံထဲအ၀င် လုံမပျိုသည် စံပယ်များခူးနေသည်။ မောင်လူမွှေးလည်း အနားရောက်လျှင် ခြောင်းဟန့်သံပေးလျှက် ရပ်လိုက်သည်။ လုံမပျိုလည်း သူ့ အားမော့ကြည့်ကာ ပထမအံ့အားသင့်သွားပေမယ့် ဧည့်သည်လာလျှင် ဧည့်ခံရပေမည် ထင်လေသလား။ ပြုံးပြလျှက် သူမလက်တဖက်က အိမ်ရှေ့ကွပ်ပျစ်ကို ညွှန်ပြသည်။ မောင်လူမွှေးလည်း သူကပင်အရင် ရှေ့က လျှောက်လျက် သွားရောက် ထိုင်လိုက်သည်။ ထိုစဉ် ဒေါ်လေးမှာ လက်ထဲတွင် ယောင်းမကိုကိုင်လျှက် အိမ်
ပေါ်မှဆင်းလာသည်။
အော်မောင်လူမွှေးပါလား။ ထိုင်ကွယ့်။ မင်းအဘတော့ ခရီးသွားလေတယ်
ဟုဆိုသည်။ လုံမပျိုသည် ယောင်အအဖြင့် အနားတွင်ရပ်နေသည်။ မောင်လူမွှေးက
ဟုတ်ဒေါ်လေး။ ဒီဘက်တမင်လာခဲ့တာပါ။ အိမ်မှာ ရေခပ် စရာများလိုမလားလို့၊ ရေတွင်းနဲ့ ရေအိုးက လှမ်းတော့ အခက်အခဲများရှိ
မလားဆိုပြီး လာခဲ့ပါတယ် ခင်ဗျာ။
အားနာစရာ ငါ့တူရယ်။ ရေတော့ တ၀က်လောက် အိုးထဲကျန်သေးသကွဲ့။ ဒီနေ့အတွက်တော့ ရအုံးမှာပါ။
ကိစ်စမရှိဘူး ဒေါ်လေး
ရောက်လာပြီးမှဘဲ ကျွန်တော် ခပ်သွားပေးပါ့မယ်။
မောင်လူမွှေးလည်း တဖက်လှည့်ကာ လုံခြည်ကို ခပ်တိုတိုပြန်ဝတ်ရင်း ရာဝင်အိုးနားက ရေဗုံးကို သွားယူလိုက်သည်။ ထို့နောက်
ရေတွင်းမှ ရေကိုခပ်ယူရင်း အိုးပြည့်သည်အထိ ဖြည့်နေလိုက်သည်။ မောင်လူမွှေးတစ်ခုစဉ်းစားမိသည်မှာ သူသည် လုံမပျိုအား
ချစ်ခင်နှစ်သက်မိပေမယ့် ယနေ့အထိ စကားတလုံးမှ မပြောဘူးသေးပေ။ ဒေါ်လေးလဲ အိမ်အောက်ထက်ဆင်းလာက မောင်လူမွှေးမောနေလောက်ပြီ သွား ဟောဟိုမှာ မင်းနှမ ကော်ဖီပူပူလေးဖျော်ထားတယ်။ သွားသောက်ချည်ကွဲ့။
မောင်လူမွှေးလဲ လက်စသတ်ရေဖြည့်ပြီးသကာလ ကွပ်ပျစ်ပေါ်ဝယ် ထိုင်းရင်း စံပယ်များသီနေသော လုံမပျိုဆီ လမ်းလျှောက်လာခဲ့သည်။ ဤမျှယဉ်ကျေးသိမ်မွေ့ပြီး ချောမောလှသော လုံမပျိုကို သူု့တသက်မမြင်ဘူးခဲ့ပေ။ မြို့ကြီးသူများအလှနှင့်ကွာလှပေသည်။
မောင်လူမွှေးလည်း ချောင်းတစ်ချက်ဟန့်ကာ အသာဝင်ထိုင်လိုက်သည်။ အနည်း ငယ်တွန့်ဆုတ်သွားသယောင် လုံမပျိုသည် ကွပ်ပျစ်၏ တခြားတဖက်သို့ တိုးသွားသည်။ မောင်လူမွှေးလည်း ကော်ဖီကို တကြိုက်စုပ်ရင်း စကားစရှာနေသည်။
ထွေးညို ပန်ဖို့လား
စကားသည် တုံးတိတိဖြင့် ထွက်လာသဖြင့် သူပင်သူ့အသံကို ပြန်ပြုံးမိသည်။ ထွေးညိုလည်း ခေါင်းလေးညှိတ်ခါ မောကြည့်ရှာသည်။
အရည်လဲ့နေသော မျက်ဝန်းများက ဖြူစင်လျှက် အပြစ်ကင်းလှသည်။ ကလေးသူငယ်တစ်ယောက်အလားထင်မှတ်ရသည်။ ဤမျှ လှပသော ဖြူစင်သော မျက်ဝန်းကို မည်သည့်နည်းနှင့် ပိုင်ဆိုင်ထားလေသည်မသိပေ။ ထို့နောက် ဘာဆက်ပြောရမည် မသိသဖြင့် အသံသည် တိတ်ဆိတ်နေတော့သည်။ မိမိသည်ပင် အနေရခက်သလိုခံစားလာမိသည်။ ထွေးညိုကတော့ စံပယ်တစ်ပွင့်ချင်း သီလျှက်
လိုချင်တာရနေသောကလေးအလား ကျေနပ်နှစ်သိမ့်သော အရိပ်ရောင်က သူ့မျက်နှာမှာပေါ်လွင်နေသည်။ မောင်လူမွှေးလည်း စကားမဆိုဘဲ တ၀ကြီးသာ ငေးနေမိသည်။ နောက်မှ မတော်ပေဘူး သတိရကာ ပြန်ရန်ထထိုင်လိုက်သည်။
ထွေးညို အကိုပြန်လိုက်အုံးမယ်။ ဒေါ်လေးရော အိမ်ပေါ်မှာလား
ဟုမေးရင်း
ဒေါ်လေး ကျွန်တော်ပြန်လိုက်ပါအုံးမယ်ခင်ဗျ
ဆိုကာ ပြန်လည်နှုတ်ဆက်သံပင် မစောင့်ပြန်ခဲ့သည်။
ထိုညက
အာင်သွယ်တော် ဖိုးရွှေလမင်းရေ အိမ်ထဲကို ၀င်ကာမပြေးနဲ့ တောင်းပန်ပါတယ်
သီချင်းက ဘဘကြီးအိမ်နားပျံ့လွင့်လိုနေသည်။ အပြန်တွင် မောင်လူမွှေးစဉ်းစားခန်းဝင်နေမိသည်။ ဘဘကလဲမရှိဘူး
ယုံကြည်စွာနဲ့အပ်နှံသွားတယ်။ ချစ်ကြိုက်စကား ဒီအချိန်ဆိုဖို့ရာလဲ တယ်မသင့် လှပေဘူး။ အောင်သွယ်တော်ရှိလျှင် ကောင်းပေမည့်ဟုတွေးမိသည်။ မိမိတို့အဖြစ်မှာ အောင်သွယ်မရှိသည့်အဖြစ်။ အိမ်တွင် ဒေါ်လေးသာရှိသဖြင့် သူ့အဒေါ်ကို
အောင်သွယ်ခိုင်းရအောင်လဲ မဖြစ်နိုင်။ အချိန်စောင့်ကာ ဒီထက်ရင်းနှီအောင်သာ ပြုရဦးမည်လို့သာ ဆုံးဖြတ်မိသည်။
ဘဘကြီးခရီးသွားတာလဲ လေးရက်ပြည့်လေပြီ။ မောင်လူမွှေးလည်း မနေ့က မသွားဖြစ်ခဲ့သဖြင့် ဒီနေ့နံနက်သွားရန် အိမ့်ကပျင်မှာ ထိုင်ဆဲ ဖိနပ်ကောက်စွပ်လိုက်သည်။ အမေက
သား နင့်ဘကြီးအိမ်သွားမလို့လား ဟောဒီမှာ ပန်းတွေယူသွားစမ်းကွဲ့ အမေဒီနေ့ပိုခူးလာတယ်
ဆိုသဖြင့် အမေ့လက်ထဲမှ နေကြာပန်းတစ်ချို့ကို ယူလိုက်သည်။ လက်လက်စက်စက်ခူးလာသဖြင့် နံနက်နေရောင်အောက်ဝယ် လန်းဆန်းဝင်းပလျှက် နေကြာနှင့်အပြိုင် မောင်လူမွှေးစိတ်သည် တက်ကြွလို့နေသည်။ ထွေညိုတို့အိမ်အ၀င်ရောက်ခဲ့သည်။ အထဲတွင် လူ
ရိပ်လူရောင်မတွေ့ရသဖြင့် မောင်လူမွှေးသည် ဒေါ်လေးရေဟု အသံပြုကာ အိမ့်အပေါ်ထက် လှမ်းကြည့်လိုက်သည်။ မည်သူမျှ မတွေ့ရပေ။ ဒါဖြင့် ဘုရားပန်းများကို အိမ်ရှေ့ ကွပ်ပျစ်ပေါ်ရှိ အသင့်တွေ့သော ဗန်းထဲထည့်ကာ အိမ့်နောက်ဖေး ထွက်လာခဲ့သည်။
သမီးရယ် မလုပ်ပါနဲ့ဆိုတာ ဟော ခုတော့ ထိခိုက်ကုန်ပြီး
ဆိုသော ဒေါ်လေးအသံကို ကြားရသည်။ နောက်ဖေး ရေတွင်းနားတွင် ထွေးညိုသည် ထိုင်လျှက် သူမ၏ ခြေတဖက်သည် ကွေးကာ ကျန်တဖက်ကို ဆန့်ထုတ်ထားသည်။ ဒေါ်လေးက သူမဆန့်ထုတ်ထားသော ခြေတဖက်ကို ကိုင်လျှင် ကြည့်ရှုနေသည်ကို
တွေ့ရသည်။ ကျွန်တော်အနားရောက်တော့ သတိထားမိဟန်ဖြင့် ထွေးညိုက မော့ကြည့်သည်။ ဒေါ်လေးက
မင်းနှမကွယ် ရေမခပ်ပါနဲ့ဆိုတာ မရဘူး။ ငါ့တူကို အားနာလို့တဲ့ သူ့ဘာသာရေခပ်နေလေရဲ့။ ဒေါ်လေးတားလဲ မရဘူး။ ခုတော့
ခလုပ်တိုက်ချော်လဲတာ။ ခြေမထိသွားတယ်
ဟု ရှင်းပြသည်။
ဒေါ်လေး ခွေးသေးပန်းရွက်သွားရှာလိုက်အုံးမယ် မင်းညီမ ခဏကြည့်ထားကွယ်
ဆိုရင် ခြံစည်းရိုးရှိ မြက်ပင် အုပ်အုပ်တွေဆီထွက်ခွာသွားသည်။ မောင်လူမွှေးလည်း အသာထိုင်လိုက်ရင်း
ထွေးညို အကိုဒဏ်ရာတချက်ကြည့်မည်နော်
ဟု ဆိုရင်း သူမ၏ခြေဖ၀ါးနုနုလေးကို အသာကိုင်လိုက်သည်။ ထွေးညိုသည် သူ၏အကိုင်ကြောင့် ရှက်ရွံ့ကာ ကိုယ်လေးကြုံ့သွားသည်။ ခြေမတွင် သွေးတချို့စိမ့်ထွက်နေသည်။ ခြေသဲလန်သွားပုံရသည်။ အနားက ရေခွက်ကို ယူကာ သူရေသွားခပ်လိုက်သည်။ ထို့နောက် ရေဖြင့်ဆေးကြောပေနေလိုက်သည်။ ထွေးညိုသည် မျက်လုံးအ၀ိုင်းသားဖြင့် သူလုပ်သမျှ ငေးကြည့်နေရှာသည်။
ခြေသဲလန်သွားလို့ သွေးထွက်တာ ဘာမှမပူနဲ့ ခွေးသေးပန်းရွက်ကို ဆားနဲ့နယ်ပြီး လူးလိုက်သက်သာသွားမှာ
ဟုပြောရင်း သူထွေးညိုမျက်နှာကို ယခုမှ သေချာကြည့်မိသည်။
သူမသည် ကျေးဇူးတင်ချင်ဟန်ဖြင့်သူ့အားပြန်ကြည့်နေသည်။ သို့သော်နှုတ်ဆိတ်ကာ ရှက်ရွံ့ဟန်ရှိသည်။ ခဏကြာတော့ ဒေါ်လေးပြန်ရောက်လာသည် လက်ထဲတွင် အပင်တစ်ချို့ပါလာသည်။
ကဲ ငါ့တူ မင်းနှမကို ၀ိုင်းတွဲပါအုံး
ဒေါ်လေးတို့ အိမ်ရှေ့ ကွပ်ပျစ်သွား ကြရအောင်။
မောင်လူမွှေးလည်း ထွေးညိုကို တဖက်က တွဲထူရင်း အိမ်ရှေ့ ရောက်ခဲ့ကြသည်။ ဒေါ်လေးက အိမ်ပေါ်က အ၀တ်သန့်သန့်တခုကို ဆုပ်ဖြဲယူ
လာပြီး အနာကို စည်းနှောင်ပေးပြီးပြီ။ ထွေးညိုမျက်နှာသည် အစောကထက်ပိုပြီး ရွှင်ပြလာသည်။
ဟောဒီမှာ ထွေးညိုအတွက် ဘုရားပန်း အမေပါးလိုက်တယ်။
ထွေးညိုသည် နေကြာပန်းများကို ကောက်ကိုင်ကာ ကြည်နူးဟန်ဖြင့် ပြုံးကာ သူ့အားကြည့်နေသည်။ ဒေါ်လေးသည် သူ့တူမအား ငေးကြည့်နေသည်။ ဒေါ်လေးမျက်လုံးများက ကျေနပ်နှစ်သိမ့်ဟန် ပေါ်နေသလိုပင်။ မောင်လူမွှေးမှာတော့ ထွေးညို ကျေနပ်ကြည်နူးတာ မြင်သဖြင့် ရင်ထဲပီတိအဟုန် လှိုင်းတက်ကာ နွေးထွေးသော မေတ်တာဓါတ်တို့ ရင်တခုလုံး ပြည့်လျှံနေလေတော့သည်။
ရွာတွင်အစည်းအဝေးလုပ်ရန်ရှိသဖြင့် တစ်အိမ်တစ်ယောက် ရွာသူကြီးအိမ်တွင်ရောက်နေကြသည်။ အစဉ်းအဝေးမစခင် သူကြီးက မြပုခက်ချက်ဆူအား လူစစ်ခိုင်းနေသည်။
သူကြီး ဘဦးနဲ့ ထွန်းတင်တို့နှစ်အိမ် ရောက်မလာသေးဘူး။ တခြားတော့ လူစုံပါတယ်။
သူကြီးက
ကဲဒါဆိုလဲ သွားခေါ်စမ်း သူတို့အိမ်က ဒီကနေသိပ်ဝေးလှတာမဟုတ်ဘူး။ ခဏလောက်စောင့်လိုက်ကြတာပေါ့
ဆိုသည်။ ချက်ဆူလည်း ဘဦးတို့သွားခေါ်ရန် ထွက်ခွာသွားသည်။ ဘဦးနှင့်ထွန်းတင်သည် အိမ်နီးချင်းဖြစ်သည်။ သို့သော် တစ်ဦးနှင့်တစ်ဦးကြည့်ရသူများမဟုတ်ကြ။ သူကြီးရှင်းရသော အမှုတစ်ဝက်သည် သူတို့အမှုဖြစ်သည်။ ဘဦးမှာ အိမ်ထောင်ကျတာ မကြာသေးပေ။ သူသည် ဟိုဘက်အိမ်မှ ကလေးတစ်ယောက်အမေ မုဆိုးမနှင့် အကြောင်းပါလေသည်။ ထွန်းတင်မှာ
လူပျိုကြီးဖြစ်ပြီး စကားအနည်းငယ်ထစ်သည်။ယခင်က နှစ်ဦးစလုံး လူပျိုကြီးများဖြစ်ကြသည်။ အပိုးပြိုင်ဘက် တွေဖြစ်သည်။ ဘဦးစွံသွားတော့ သူသာကျန်သဖြင့် ဘဦးကို အပြစ်ရှာနေတတ်သည်။ များမကြာပင် အစောက သွားခေါ်ခိုင်းထားသော ချက်ဆူသည် ပုဆိုးကိုမကာ ပြေးဝင်လာလျှက်
လုပ်ပါဦးသူကြီး ဘဦးနဲ့ထွန်းတင် တော့အချင်းချင်း စိန်ခေါ်နေပြီး အနားမှာ ဆွဲမည့်သူလဲမရှိဘူး သူကြီး။
အဲဒါ အမြန်သွားမှ မဟုတ်လျှင် မလွယ်ဘူး သူကြီး။
တော် တော် ဒီနှစ်ကောင်။ အရေးဆို ဒင်းတို့နှစ်ယောက်က တစ်မျိုး။ ဘာမှ ပူမနေနဲ့ အနားမှာ ဆွဲမည့်သူမရှိရင် ဒင်းတို့ ဘာမှမလုပ်ကြဘူး။ ငါမသွားလဲ မသင့်ပြန်ဘူး။ ဘယ်သူစသလဲ စတဲ့ကောင်တော့ ဒီတခါ ရွာလယ်လမ်းကို ပေါက်ဖို့ခိုင်းပစ်မယ်။
ဟုဆိုကာ စစ်ရောင်အုပ်ထုပ်ပျော့လေးကို ကောက်ဆောင်းလိုက်သည်။ ရွာသားတွေလဲ ကြုံနေကြမို့ သိပ်မထူးတော့။
ပြုံးလျှက်သူကြီးနောက်လိုက်ပါသွားကြသည်။
နှစ်ဦးသား ခြံစည်းရိုးကိုကိုင်ကာ ခေါင်းချင်းဆိုင် အချင်းချင်း အော်ငေါက်နေပုံက မြင်ရတဲ့ရွာသူကြီးမှာ ရယ်ရအခက် ဒေါသဖြစ်ရအခက်ပင်။
ဟေ့ တော်တန်တိတ်။ နှစ်ယောက်လုံး ဘာစကားမှ မကြားချင်ဘူး လိုက်ခဲ့
ဟု မာန်မဲပြီး သူကြီးလည်း သူတရားစီရင်ရာ သူကြီးအိမ်တော်သို့ မြန်းခဲ့လေသည်။
ကဲဆို ဘယ်သူအရင်စပြောမလဲ။
ထိုအခါထွန်းတင်က
ကျုပ် ကျုပ် ဖြင့်ထစ်ကာနေသည်။
ဘဦးက
သူကြီးဆီလာမလို့ အိမ်ပေါ်က သူဆင်းလာတာ အဲဒါကိုထွန်းတင်က ကျွန်တော့ကို လှမ်းခေါ်ပြီး နွားလို့ပြောပါတယ် သူကြီး။
ထွန်းတင် စတာပါသူကြီး
ဟု တိုင်လေသည်။ ထိုအခါ ထွန်းတင်က အများရှေ့ ထပ်ပြောပြန်သည်မှာ မင်း နွား နွား ဟူ၏။
ဘဦးလဲ ရှက်ရှက်ဖြင့်ထကာ ထွန်းတင်ကို ရန်လုပ်ရန်တိုးလာသဖြင့် သူကြီးက စားပွဲကို လက်ဖြင့်ရိုက် လိုက်သည်။
ဟေ့ မင်းတို့တော်ကြစမ်း။ လူကြီးစုံရာနဲ့ ရှင်းပေးနေရက်နဲ့။ နောက်တခါ ရုတ်ရုတ်လုပ်ရဲလုပ်ကြည့် ငါနဲ့တွေ့မယ်။
ရွာသားတွေ ပြုံးကုန်ကြသည်။ ထိုအခါမှ ဘဦးလဲ ပြန်ထိုင်သည်။
ကဲထွန်းတင် မင်းကလဲ သူများမကြိုက်တာကို ဘာလို့သွားပြောရသလဲ။ ငါ့ကိုအေးဆေးမနေစေချင်ဘူးလား။ ခုဘဲ ဘဦးကို
တောင်းပန်လိုက်စမ်း
ဟု ဆိုသည်။ ထွန်းတင်လည်း အလွန်ဒေါသထွက်လာဟန်ဖြင့်
သ သ သ ကြီး ကျုပ် မ မ မ တောင်း ပန် ပန် ပန် နိုင်ဘူး။ လုံး လုံး ၀ ဘဲ။ ကျုပ် လုံးဝမမှားဘူးဗျ။ သူ သူ သူ နွား နွား နွား လုပ်တာဗျ။ ထိုစကားကြားတဲ့ ဘဦးလဲ ဘာကွ။ သူကြီး ကျုပ်ကို အပစ်မဆိုပါနဲ့နောက်တခါ နွားစကားပါလို့ကတော့ ကျုပ်စိတ်ထိန်းနိုင်မှာမဟုတ်ဘူး
ဟုဆိုကာ မျက်နှာတစ်ခုလုံး ရဲတောက်နေပါတော့သည်။ သူကြီးလဲ အလွန်ဒေါသထွက်လာသဖြင့်
ထွန်းတင် မင်းငါ့ကို ပမာမခန့်လုပ်နေတာလား
ဟု စိတ်တိုစွာ အော်သည်။ ထိုအခါ ထွန်းတင်သည် အလွန်ခံရခက်သော ခံစားမှုဖြင့် အလွန်ဝမ်းနည်းသော အမူအရာပေါ်လာသည်။ မျက်ရည်တစ်ချို့ပင် သူ့မျက်ဝန်းအိမ်တွင် ရစ်သီနေသည်။ သူကြီးနှင့်တကွ ရွာသားအားလုံးလည်း နားမလည်နိုင်စွာဖြင့် စိတ်လဲ
မကောင်း စိတ်လည်းမသက်မသာ ခံစားမိကြသည်။ သူကြီးလည်း လေသံနည်းနည်းလျှော့ကာ
ကဲကဲ ထွန်းတင် မင်းဘဲ ရှင်းပြတော့
ဘဦး မင်းလုံးဝ ၀င်မပြောနဲ့။ ထွန်းတင်ပြောပြီးမှ မင်းပြောချင်တာပြော။
ကဲ ထွန်းတင် ပြောတော့ရပြီး
ဟုလမ်းခင်းပေးလိုက်သည်။ ထွန်းတင်လည်း အသက်ကိုပြင်းပြင်းတချက်ရှူလိုက်ပြီး ဘဦးကို တချက်လှမ်းကြည့်သည်။ ဘဦးက မသိယောင်ဆောင်ကာ တဖက်လှည့်နေသည်။ သို့သော် သူနားစွင့်နေသည်။
ဒီလိုပါသူကြီး ဒီမနက် ကျွန်တော်အိပ်ရာထတော့ ဘဦးနွားက သောက်ရေအတွက် လှောင်ထားတဲ့ရေကို သောက်သွားတယ်။ ရာဝင်အိုးအဖုံးလဲပွင့်နေပြီး ရေတွေလဲ နွားစာဖတ်တွေနဲ့ ညစ်နေပါတယ်။ ဒါနဲ့ အိမ်ခေါင်းရင်းက နွားတင်းကုတ်ကို သွားကြည့်ပါတယ်။ ဘဦးနွားက အိမ်ကနွားတွေကို အနိုင်ကျင့်ပြီး အခန့်သားစားနေတာမြင်တာနဲ့ ခြောက်လှန့်မောင်းထုတ်လိုက်ရပါတယ်။ ဒါ
တောင်ကောင်းကောင်းမပြန်ဘဲ ပတ်ပြေးနေပြီး ကျွန်တော်စိုက်ထားတဲ့နှင်းဆီအိုးကို တက်နင်းသွားပါတယ်။ ဒါနဲ့ တမနက်လုံးထွက် နေတဲ့ဒေါသနဲ့ ဘဦးကို စောင့်နေသော်လည်း ဘဦးအရိပ်အရောင်မတွေ့ရဘူး။ သူကြီးဆီသွားဖို့တော့ အိမ်ပေါ်က ဆင်းမှာဘဲဆိုပြီး စောင့်နေခဲ့ပါတယ်။ ဒါနဲ့ ဘဦးဆင်းလာတော့ သူကို ပြောဆိုတိုင်ကြားမလို့ဟာ။ စကားကို အစမခံဘူး။
ပြန်ပြန်ပြောနေတာကြောင့် တစ်ယောက်တစ်ခွန်းစကားများနေခဲ့ကြောင်း ခက်ခက်ခဲခဲရှင်းပြပါတော့သည်။ ထိုအခါမှ ဘဦး၊သူကြီးနှင့်တကွ တရွာလုံးသဘောပေါက်ကာ သနားလည်းသနား၊ ရယ်လည်းရယ်ချင်နဲ့ ထွန်းတင်သာ ငေးနေမိကြတော့တယ်။ ဘဦးလည်း မိမိအမှားကို ထွန်းတင်အားတောင်းပန်ကာ နောက်နောင်မဖြစ်အောင်ကတိပြုရှာသည်။ ဘဦးမျက်နှာတွင် ထွန်းတင်အား စာနာမှု၊နားလည်မှု များဖြင့် ရှိသည်။ နောက်နောင်တွင် ဘဦးနှင့် ထွန်းတင်တို့ အမှုများစွာ နည်းသွားမည် လို့ ရွာသူကြီးသုံးသက်မိသည်။
မောင်လူမွှေးလည်း ထွေးညိုကိုမတွေ့ရသည်မှာ လေးရက်ရှိလေပြီ။ ကန်ဆယ်ဖို့ခြင်း၊ ယာခင်း ပိုးသတ်ဆေးဖြန်းခြင်းများဖြင့် အလုပ်ရှုပ်နေသဖြင့် မရောက်ဖြစ်ခဲ့။ ယနေ့တော့ လုပ်ငန်းဆောင်တာတွေလဲ မရှိ၊ အနားရနေသဖြင့် ထွေးညိုတို့ အိမ်ဘက်ထွက်လာခဲ့သည်။ ဟိုဘက်ခြံမှ ဘကြီးစိုးက
မောင်လူမွှေး ရွှေခြေကျင်းလေးဆီလား
ဟု လှဲပြီးသားအမှိုက်များကို စုပုံရင်း ပြုံးစစဖြင့်မေးသည်။ ထိုရွှေခြေကျင်းအိမ်မက်သည် မိမိနှင့် ဘကြီးစိုးသာသိသည်။ ထွေးညို၏ ယဉ်ကျေးသိမ်မွေ့သော လှပမှုကြောင့် ဘကြီးစိုးက သူ့အိမ်မက်ထဲက မိန်းကလေးဟု တင်စားကာ ရွှေခြေကျင်းဟု မောင်မွှေးနှင့် နှစ်ကိုယ်တည်းရှိချိန်များတွင် စတတ်သည်။ မောင်လူမွှေးလည်း ဘကြီးစိုးအား ရယ်မောနှုတ်ဆက်ပြီးဆက်လက်ထွက် လာခဲ့သည်။
ဘကြီး၊ ဒေါ်လေး
အိမ်ရှေ့တွင် တစ်ယောက်မျှမတွေ့ရ။ သူ အိမ့်အနောက်ဘက် လျှောက်လာခဲ့သည်။
ဒေါ်လေး ဒေါ်လေး
ထူးသံမကြားရ။ အိပ်နေတာမဖြစ်နိုင်ဘူး။ နံနက်ဆယ်နာရီခန့်ရှိပေပြီး ရုတ်တရက် မိမိနောက်ကျောမှ အရိပ်တစ်ခုထိုးကျလာသဖြင့် လူမွှေးဖြတ်ကနဲ့ အလှည့်။
အိုး အဟင့်
ခြုံအကွယ်မှ ပြေးထွက်လာတဲ့ ထွေးညို၊ သူ့အရှိန်သူမထိန်းနိုင်ဘဲ လူမွှေး ရင်ဘတ်ထဲ့တွင်။ လူမွှေးလည်း အလိုက်သင့်ဖက်ထားလိုက်သည်။ လူမွှေးအား ရင်ခွင်ထဲမှ မော့ကြည့်လျှက် ရှက်သွေးကြွယ်ကာ ရုန်းဖယ်လေသည်။ လူမွှေးလည်း မလွှတ်ပေးဘဲ တိုးလို့သာ ဖက်ထားလိုက် သည်။ ကို ထွေးညိုကို ချစ်တယ် ဟူသော စကားသည် ဗလုံးဗထွး သူ့ပါစပ်မှ ထွက်လာသည်။ ထွေးညို၏ အို ဟူသော အသံနှင့် သူမ၏ခေါင်းသည် တဖက်သို့ လှည့်လိုက်သဖြင့် လူမွှေး၏ အနမ်းသည် ပါးပြင်ကိုကျော်ကာ ကေသာထက်။ ထို့နောက် သူ့အနမ်းတို့
သည် မိုးဦးမိုးလို အကုန်ပွတ်တိုက် နှုတ်ဆက်နေပါသည်။ ထွေးညိုသည် လေနီကြမ်းအောက် ရောက်နေသော ပဲပြားပင်လေးနှယ် ယိမ်းထိုးလှုပ် ခါနေသည်။ မောင်လူမွှေးသည် မိမိ၏ အပြုအမူများအား ပြန်လည်ထိန်းသိမ်းနိုင်ချိန်ဝယ် ထွေးညိုသည် သူ့လက်တွင် ပျော့ခွေလျှက် မျက်ဝန်းမှ မျက်ရည်ဥလေးများသည် တွဲခိုနေသည်။ မောင်လူမွှေးလည်း အသာအယာ သူ့လက်ဖြင့်သုတ်သင်ပေးလိုက်ပြီး
ထွေးညိုကို ဆက်ကနဲ့ ပွေ့ချီကာ ခပ်လှမ်းလှမ်းရှိ ခုံတန်းလေးဆီ လျှောက်လာခဲ့သည်။ ထွေးညိုကို အသာထိုင်စေလျှက် မောင်လူမွှေး
သည် ဒူထောက်ထိုင်ကာ သူမ မျက်နှာကို လက်ဖြင့် အသာအယာပင့်တင်လိုက်သည်။ ကိုယ်ထွေးညိုကို လက်ထက်ပါရစေ။ ထွေးညိုကသာ ခေါင်းတချက်ညိတ်လိုက် ကိုယ် ဘကြီးနဲ့အဒေါ်လေးဆီမှာ မိသားဖသားပြီပြီ လာတောင်းရမ်းပါ့မယ်။
ပြောပါအုံး ကိုယ့်ကိုယ်ချစ်ရဲ့လား
ဟု ညင်သာစွာမေးလေသည်။ ထွေးညိုမျက်နှာတွင် အပြုံးနုနုလေးတချက်လှစ်ကနဲ့ပေါ်လာသည်။ ထို့နောက် ခေါင်းကို မသိမသာ အသာခေါင်းညိတ်ပြီးသူ့အနားမှ ထပြေးသွားသည်။ ကောင်းကင်တခုလုံး တိမ်တွေကင်းလို့ လူမွှေးရင်တွင်လည်း အပျော်တွေ ပြည့်လျှံနေပါတော့သည်။
ဘဘကြီးရဲ့ စည်းရုံးရေးကြောင့် ရွာ့အရှေ့ဘက် ဘုရားဟောင်းအားပြန်လည်ပြုပြင်ရန်အတွက် ရွာသူကြီးနှင့် ဘဘကြီးတို့ အလုပ်များနေကြသည်။ ဘုရားပျက်အားပြန်လည်ပြုပြင်မွန်းမံရန်အတွက် အလှူငွေကောက်ခံခြင်းနှင့်တကွ အုတ်များ ကိုရွာလုပ်အား ဖြင့်ဖုတ်ရန် စီစဉ်နေကြသည်။ မောင်လူမွှေးလည်း အုတ်ဖုတ်ရာတွင် တစ်တက်တအား ပါဝင်နေသည်။ မြပုခက်ချက်ဆူသည် သီချင်းတအေးအေးဖြင့်လုပ်ကိုင်နေသည်။ ကာလသားခေါင်း ကိုအောင်ကြီးမှာ စီမံခန့်ခွဲကာနေလေသည်။
ရက်မှလသည်ကုန်ဆုံးကာ ဘုရားဟောင်းလေးသည်လည်း ပြုပြင်မွန်းမံကာ ထီးတော်အသစ်တင်ထားသဖြင့် ရွာနှင့်ဘုရား ပနံရနေသည်။ ဘကြီးသည် ဘုရားမွန်းမံပြီးကတည်းက ဘုရားသန့်ရှင်းရေး။ ဆီမီး ပန်းမပျက် ပူဇော်ကာ ဘုရားတွင်သာ အချိန်ကုန်နေသည်။ အချိန်အားဖြင့် ဘုရားပြုပြင်ပြီး တလရောက်ရှိချိန်တွင်ဖြစ်သည်။ ကျွန်တော့ဘ၀ အပြောင်းအလဲသည်စတင်လာခဲ့ပါတော့သည်။
နံနက်မိုးသောက်ယံတွင် ဖြစ်သည်။ ထွေးညို ထွေးညို လုပ်ကြပါဦးဗျ ထွေးညိုတို့ မရှိကြတော့ဘူး။ ကျွန်တော့ကို ကူရှာပေးကြပါအုံးဗျ ဟူသော ငိုသံဖြင့် ပုဆိုးကို မနိုင်မနင်း ၀တ်ကာ ရွာအနောက်ဖျားက ရွာထဲ ပြေးဝင်လာသော မောင်လူမွှေး
တစ်ယောက်။ ရွာရှိလူများလဲ အားလုံးလမ်းဘက်ထွက်ကြည့်ကာ နားမလည်နိုင်စွာဖြင့် မောင်လူမွှေးနောက်လိုက် ကြသည်။ မောင်လူမွှေးသည် ဘကြီးစိုး အိမ်ရှေ့တွင် ရပ်လျှက် ဘကြီးစိုး ဘကြီးစိုး ရွှေခြေကျင်း ရွှေခြေကျင်းဗျ ဟု ငိုလေသည်။ သူ၏လက်ထဲ တွင် ရွှေခြေကျင်းလေးတစ်စုံသည် ကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။ ဘကြီးစိုးလည်း အိမ်ပေါ်မှ ဆင်းလာကာ မောင်လူမွှေးအား ငါ့တူဘာဖြစ်လာသလဲ စိတ်အေးအေးထားကွယ် ဘကြီးစိုးကို ပြောပြစမ်းပါအုံး ဆိုသည်။ ထိုအခါ မောင်လူမွှေးက ဒီမှာဘကြီးစိုး
ကြည့်ပါဦး ရွှေခြေကျင်းလေးဗျ။ ထွေးညိုတို့မရှိတော့ဘူ ဘကြီးစိုး။ လုပ်ပါဦး ဘကြီးစိုးရယ်။ ဟု ငိုကာနေတော့သည်။ လိုက်ပါလာသော လူအုပ်ကြီးသည် ဘာမျှနားမလည်နိုင်သဖြင့် ဘကြီးစိုးလက်ထဲမှ ရွှေခြေကျင်းလေးအားဝိုင်းကာ ကြည့်နေကြသည်။ ဘကြီးစိုးသည် မျက်ခုံးတစ်ခုံလုံးကျုံ့သည်အထိ အတွေးနက်နေသည်။ မောင်လူမွှေးသည် ရုတ်တရက် ထပြေးလေသည်။ သူ၏ ခြေလှမ်းများက ရွာအရှေ့ဖက်ရှိ ဘုရားလေးဆီသို့ဖြစ်သည်။ ကျန်ခဲ့သော လူများသည် ဘကြီးစိုးအား ၀ိုင်းကြည့်ကာ နားစွင့်နေကြသည်။ ကာလသားခေါင်း
ကိုအောင်ကြီးကဖြင့် မောင်လူမွှေးနောက် လိုက်သွားသည်။ ဘကြီးစိုးက သက်ပြင်းကိုချကာ ဖြစ်ပုံကတော့ မယုံကြည်နိုင်လောက်အောင် ထူးဆန်းပါတယ်ဟုဆိုသည်။ အားလုံးသိကြတဲ့အတိုင်း ထွေးညိုတို့မိသာစု ဒီရွာကို ရောက်လာတာတော့ အားလုံးသိကြပါတယ်။
သို့သော် သူတို့ဇစ်မြစ်ကို ဘယ်သူမှ မသိကြဘူးမလား။ ခုဒီရွှေခြေကျင်းလေးကို ကြည့်ပြီး ဘကြီးစို တစ်ခုသဘောပေါက်မိတယ်။ ဟောဒီမှာ ကြည့်ကြ ဒီရွှေခြေကျင်း ရဲ့လက်ရာဟာ အလွန်ရှေးကျပြီး အလွန်အနုစိတ်တဲ့ လက်ရာတစ်ခုဖြစ်တယ်။ အဖိုးတန် ခြေကျင်းတစ်ခုဘဲ။
အားလုံးဝိုင်းအုံကာ ကြည့်ကြသည်။ သေးငယ်သောတစ်လုံးချင်းစီတွင် ပန်းများအမျိုးမျိုး အထူးထူးပွင့်နေပုံကို ပုံဖော်ထားလေသည်။ ပွင့်ဖက်လေးများကအစ အလွန်သေသက်လက်ရာမြောက်လေသည်။ ဒီခြေကျင်းအကြောင်းပြောရရင်
ဟောရှေ့က မောင်ညှက်လာပါအုံး။
မောင်ညှက်ရှေ့တက်လာခဲ့သည်။ ငါ့တူမှတ်မမလားတော့မသိဘူး။ တရက် မောင်လူမွှေး ဘုရားပျက်လေးမှာ အိပ်ပျော်နေတုန်းကပေါ့။
ဟုအစချီကာ ဖြစ်ကြောင်းကုန်စင်ပြောပြလေသည်။ ထိုအခါ မောင်ညှက်က သူမှတ်မိကြောင်းထိုနေ့က မောင်လူမွှေးအမူအရာထူးဆန်း
သည်ဟု သူထင်ကြောင်းပြောပြလေသည်။ ခုကိစ္စက ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ယုံကြည့်ဖို့လည်းခက်ခဲတယ်ကွယ်။
ဥစ္စာစောင့်က လူယောက်ဆောင်ပြီး သူ့ဘုရားကို သူလာပြင်တယ်ဆို တာအဘတစ်သက် တခါမှ မကြားဘူး မကြုံဘူးဘူးကွယ်။ ဟုဆိုကာ
ရွှေခြေကျင်းလေးအား ငေးကြည့်နေပါတော့သည်။
မောင်လူမွှေးတစ်ယောက် ထွေးညိုကို တွေ့ဖို့ဆိုကာ ဘုရားလေးဆီ သွားနေတတ်သည်။ ကြာလာတော့ အအိပ်
အစားမမှန်ဖြစ်ကာ စိတ်မနှံ့ ဘ၀ရောက်ခဲ့ရရှာသည်။ တခါတရံ သူစိတ်ကောင်းနေလျှင် ဘကြီးစိုးအား ပြောပြတတ်သည်မှာ ထွေးညိုကို စတွေ့ကတည်းက အိမ်မက်ထဲက မိန်းကလေးဖြစ်ကြောင်း သူသိသည်ဟူ၏။ ထွေးညိုပျောက်သောညက သူ့ဆီကို ရောက်လာခဲ့ကြောင်း
ထိုညက အိမ်မက်ထဲ မှ အ၀တ်အစားများဖြင့် မောင်ကြီး သူပြန်ရတော့မည်ဟု အလွန်ဝမ်းနည်းရှိုက်ငင်လျှက် သူ့အားလိုက်ခဲ့ရန်ခေါ်ကြောင်း
သူလည်း အိမ်မက်ထဲတွင် မသွားဖို့ အတန်တန်တားကာ ဖက်ထားကြောင်း။ ထိုစဉ်အလွန်ကြောက်မက်ဖွယ်ကောင်းသော အသံများကြား
ရပြီး မောင်ကြီးအတွက် အလွန်အန္တရယ်များလှသည့်အတွက် သူသွားရပါတော့မည်ဟုဆိုကာ ပျောက်ကွယ်သွားခဲ့သည်။ အစောကကြားနေရသော အသံများလည်း တိတ်ဆိတ်သွားပါသည်။ သူလန့်နိုးတော့ လက်ထဲတွင် ရွှေခြေကျင်းလေးနှစ်ဖက်အား ဆုပ်ကိုင်ထားလျှက် ရှိသဖြင့် ထွေးညိုတို့အိမ်ဘက် သူသွားခဲ့ပုံအားပြောပြတတ်သည်။
ထိုနေ့မှစကာ ညစဉ်ရောက်တိုင်း တရွာလုံးကြားနေရတာက မောင်လူမွှေး၏ ထွေးညိုသီချင်းသံမို့ ကြားရသူတိုင်း မျက်ဝန်းမှာ မျက်ရည်စက်များဖြင့်။
No comments:
Post a Comment