Wednesday, May 4, 2011

ဖိုးသာထူးတို့ရွာ

"ဆွဲပြီ ဆွဲပြီ"
ဖိုးသာထူးက နှပ်တစ်ချက်ရှုံ့ရင်း "ဖုတ်ကောင်လေးပါလာပြီ"ဟု ဆံချည်မျှင်လေးကို မြောက်ကာ ပြသည်။ ဖုတ်ကောင်လေးသည် ဆံချည်မျှင်တစ်ဖက်ကို ကိုက်လျှက်ပါလာသည်။အတူဆော့ကစားနေသော ကလေးတစ်ယောက်က သူ့လက်ညိုးလေးဖြင့် တို့လိုက်သည်။"ဟာ မင်းကလဲ ပြုတ်ကျသွားပြီ"ဆိုရင်း ရှူးကနဲ့ နှပ်ကိုတစ်ချက်ပြန်သွင်းလိုက်ပြီး ဖုန်တောထဲ ဖုန်ကောင်တွင်းကိုထပ်ရှာနေသည်။

နေ့လည်ခင်း ထမင်းစားကျောင်းဆင်းလို့ ထမင်းပြန်စားအပြီး လမ်းမှာဖိုးသာထူးတို့ဆော့ကစားနေသည်။

"ဆရာလာပြီ ဆရာလာပြီဟေ့"

ဆိုသောအသံကြောင့် ဖိုးသာထူးတို့ ဖုတ်ဖက်ခါပြီး ကျောင်းကိုပြေးခဲ့ကြသည်။မူလတန်းကျောင်းလေးသည် ခြံစည်းရိုးမရှိသဖြင့် အဖက်ဖက်မှပြေးဝင်လာကြသော ကလေးငယ်များဖြင့်ဆူညံနေသည်။ ခြေတံတို နှစ်ထပ်ကျောင်း အိုကြီးပေါ်ဆရာတတ်လာတော့ ကြမ်းပြင်မှာ ကလေးများ ထိုင်ကာ နီးစပ်ရာဖြင့်တီးတိုးလုပ်နေကြသည်။ မင်္ဂလာပါ ဆရာ ဟူသောအသံနှင့် ဆရာသည် သူ၏ထိုင်ခုံ
တွင် ၀င်ထိုင်လိုက်သည်။ ကျွီကနဲ့အသံနဲ့ ဆရာ့မျက်နှာသည် တချက်မဲ့သွားသည်။ထိုင်ခုံမှာ အတော်ဟောင်းကာ နဲ့နေသဖြင့် တင်ပါး ထိုင်ခုံကြားညပ်သွားခြင်းဖြစ်သည်။ အနီးက ကြိမ်လုံးကို ကောက်ကိုင်ပြီး ဖြန်း ဖြန်း နှစ်ချက်လောက် ဆရာကဒေါသနဲ့ ဘောကို ရိုက်လိုက်သည်။

"ကဲ ဆရာ စာစသင်တော့မယ် တပည့်တို့စကားမပြောကြနဲ့။"
ဆရာက သူ့စာအုပ်ကို လှန်လိုက်သည်။
" ဒီနေ့ ဆရာသင်မှာကတို့ရွာ အကြောင်းဖြစ်တယ်။ ကဲ တပည့်တို့ စာအုပ်လှန်ကြ။"
စာအုပ်လှန်သံများဖြင့် ဆူညံသွားသည်။ တို့ရွာဘယ်နားမှန်းမသိသောကလေးများအား တချို့က ၀ိုင်းကူလှန်ပေးနေကြသည်။ဆရာက သူ့စာအုပ်အား ထောင်ပြထားရင်း စဉ်းစားနေမိသည်။ခုတော့သင်ပုန်းကြီးထဲက တို့ရွာကို ကလေးတွေရှာနေကြတယ်။သူတို့လေးတွေ တချိန်မှာ ပညာတွေစုံလို့ တရပ်တကျေးမှာကောင်းစားကြီးပွားခဲ့ရင် ကလေးတို့ တို့ရွာလေးကို ရှာပါအုံးမလား။ထို့နောက်ဆရာသည် ထောင်ထားသောစာအုပ်ကို ပြန်သိမ်းပြီးစတင်သင်ကြားသည်။

ဆရာ။ တို့ရွာ။ တို့ရွာကို သရက်တောဟု ခေါ်သည်။
ဖိုးသာထူး။ ဆရာ။ သားတို့ရွာက မကျဉ်းစုပါ။

ဆရာသည်ပြုံးလျှက် အေး အေး ဆရာပြန်ဖတ်ပြမယ်။တို့ရွာကို မကျည်းစုဟု ခေါ်သည်။

ဆရာ။ ရွာဘေးမှာ သရက်ပင်များရှိ၏။
ဖိုးသာထူး။ ဆရာ။ မကျည်းပင်တွေပါ။
ဆရာ။ ရွာဘေးမှာ မကျည်းပင်များရှိ၏။
ဟုပြန်ဆိုရင်း ဖိုးသားထူး၏သွက်လက်ချက်ချာပြီး မိမိနေထိုင်ရာ ရွာလေးကို မမေ့မလျှော့သတိရှိပုံကိုသဘောကျနေသည်။ မိမိတို့အားလုံးသည် ဖိုးသာထူးလို ကိုယ့်ရပ်ကိုယ့်ရွာကို
မမေ့ရင် ရွာထိပ်က ကုက်ကိုပင်ကြီးဟာ အားလုံးကို အေးမြနေစေအုံးမှာဘဲ ဟုဆရာတွေးမိသည်။
ထို့နောက်ဆရာသည် ဆက်ဆို၏။

ဆရာ။ မနက်နှင့်ညနေမှာ ချိုးငှက် ကူ၏။

ဒီတခါတော့ ဆရာက သိသွားပြီ။

ဆရာ။ မကျည်းတော အပြင်ဘက်နှိုက် ကွင်းရှိသည်။ ကွင်းထဲတွင် ကျွဲ နွားများကျက်စား၏။ ကွင်းတဖက်တွင်း အင်းတခုရှိသည်။ အင်းထဲနှိုက် ငါးခူး၊ ငါးပြေမ၊ ငါးကြင်းများ ရှိ၏။

ပြီးနောက်ဆရာသည် စဉ်းစားနေမိပြန်သည်။ အင်းငါ့တို့ရွာလေးဟာကွင်းတွေ လွင်ပြင်တွေနဲ့ စိမ်းလန်းလှတယ်။ ကျွဲ၊နွားပေါများပြီး။ အင်း၊အိုင်၊ချောင်းတွေကလဲပေါတော့။ စားဖို့သောက်ဖို့က ပညာမတတ်လဲ လယ်လုပ်၊သား၊ငါးရှာစားနိုင်တယ်။ ကိုယ့်ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပြီး ပျော်နေကြတကလား။


သူတို့ရဲ့မျှော်လင့်ချက်ဆိုတာ လယ်ကွင်းတွေ၊အင်းအိုင်တွေထဲ ကျပျောက်သလိုဘဲ။တခါတလေ ကိုယ့်လက်ရှိဘ၀ကို ပျော်ရွင်ကျေနပ်နေတာကလဲ မျှော်လင့်ချက်မဲ့ခြင်းရဲ့အကြောင်းတမျိုးလား ဟု ဆရာစဉ်းစားကာနေသည်။ ခဏနေမှ ဆရာလည်းပြန်ဆက်ဆိုသည်။

ဆရာ။ အင်းကြီးအနားမှာ တဲကလေးကို မြင်ပါ၏လား။
ဖိုးသာထူး။ ဆရာ၊ အဲဒါ သားတို့တဲ။

ဆရာ၏အတွေးတို့သည် ဆက်ကာဝင်ရောက်လာပြန်သည်။
ဖိုးသာထူး၏ အဲဒါ သားတို့တဲ စကားက သူ့နားထဲ မထွက်။တို့ရွာမှာလည်း ရွာပြင်၊ရွာထဲ ဘယ်နားကြည့်ကြည့် သားတို့တဲတွေ ခပ်များများ။သစ်သားပြင်ထောင်အိမ်ဆိုတာ အတော်ရှားသလား။ နှစ်စဉ် မိရိုးဖလာ တောင်ယာလုပ်ကိုင်လာခဲ့တာ ယနေ့အထိ တဲစုပ်ကြမ်းခင်းက မတတ်နိုင်သေးဘူး။ဘယ်တော့များ ကျောက်သင်ပုန်းပေါ်မှာ လယ်တောအကြောင်းသင်ရပမလဲ။ခုများတော့ လယ်တောထဲမှာ ဘ၀သင်ပုန်းကြီးကို ဖတ်နေကြရတယ်ဟုစိတ်မကောင်းစွာတွေးနေသည်။ ထို့နောက် ဆရာက

ဆရာ။ ထိုတဲ့ကလေးနှိုက် လယ်သူကြီးတဦးနေသည်။
ဖိုးသာထူး။ အဲဒါ သားတို့ဖေဖေ။

သားတို့ဖေဖေဟူသောစကားသည် ဆရာ့နားထဲ ပဲတင်သံထပ်ကာသွားသည်။ဟုတ်တယ် အဲဒါ သားတို့ဖေဖေဘဲ ဟု ဆရာက စိတ်ထဲမှာဆိုရင်းသားတို့ဖေဖေဟု တီးတိုးရွတ်ကာ တပည့်တို့
ငါတို့ဖေဖေဟာတောင်သူဦးကြီးဖြစ်တယ်။ ငါတို့ဖေဖေငါ ရေလုပ်သားကြီးဖြစ်တယ်။
ဟုဆိုရင်း ဆရာသည် တို့ရွာလေး၏ ဆင်းရဲနိမ့်ကျပုံကို အားမလိုအားမရဖြစ်မိသည်။ ထို့နောက်ဆရာဆက်ကာဖတ်သည်။

ဆရာ။ မိုးအခါ သူသည် စပါးစိုက်သည်။ စပါးသီးသောအခါစာကလေးများလာကြသည်။ စာကလေးများကို လင့်စင်ပေါ်ကခြောက်ရသည်။

တို့ရွာစာပိုဒ်လေးလည်းပြီးဆုံးသွားပြီ သို့သော် ဆရာ့အတွေးများကမပြတ်သေး။ မိုးအခါ စပါးစိုက်၊ ဆောင်းမှာ မြေပဲ၊ပဲ စိုက်ကြတယ်။ နွေအခါမှာနားကြ၊ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်။ သူတို့ရဲ့လင့်စင်ကလဲ စာကလေးတွေကိုခြောက်ဖို့လောက်သာသိကြတာ။ သူတို့ဘ၀ မြင့်သထက်မြင့်အောင် လင့်စင်ထိုးဖို့တော့ တို့ရွာလေးမေ့နေပုံရတယ်။ ထို့နောက် ဆရာက ကဲ ဖိုးသာထူး ထပါအုံး။ဖိုးသာထူးသည် မတ်တပ်ရပ်လျှက် ဆရာ့အားကြည့်နေသည်။

ဆရာ။ ဖိုးသာထူး မင်းကြီးလာရင် ဘာလုပ်မလဲ။
ဖိုးသာထူး။ ဆရာ သားကြီးလာရင် ပျိုးနှုတ်မယ်၊ ရေခပ်၊ထင်းခွဲလိုက်မယ်ဆရာ။

ဆရာမျက်နှာသည် ပြုံးရာမှ မဲ့ကာ အတော်ပင် အိုစာသွားသည်။

တရွာတည်းနေသဖြင့် ဆရာသည် ဖိုးသာထူးတို့ဘ၀ကို စာနာသည်၊သိသည်။တံငါလုပ်သောအဖေ၊ကောက်စိုက်ပဲကောက်လုပ် သော အမေနဲ့ ရွာအပြင်မှာတဲ လေးနဲ့နေရရှာတာ။ ဘ၀ရဲ့မျှော်လင့်ချက်ဆိုတာကို ဖိုးသာထူး မတွေ့ဖူးဘူး။မကြားဖူးဘူး။ မိဘများကတော့ သိ၊ကြားဖူးပေမည်။ သို့သော် လက်တွေ့ဘ၀ထဲသားသမီးကို ကိုယ့်အခြေအနေနဲ့မျှော်လင့်ချက်ပေးဖို့ မ၀ံ့ရှာလေသလား။ဖိုးသာထူး ပျိုးနှုတ်ဖို့သာ သိလေသည်။တယောက်ပြီးတယောက်ဆုံးသွားတယ်ဆရာကြားချင်တဲ့ ဆရာလုပ်မယ်၊ ဆရာဝန်ကြီးလုပ်မယ်ဆိုတဲ့စကားကို ဆရာမကြားခဲ့ရရှာဘူး။ တို့ရွာလေးရဲ့ အနာဂါတ်ကို ပေးအပ်ရမည့် ကလေးငယ်လေးတွေရဲ့ဘ၀မျှော်လင့်ချက်တွေဟာ ဆရာရဲ့မျက်ဝန်းကို လေးလံစေတယ်။ ဆရာ့ရဲ့အမြင်အာရုံကို မှုန်ဝါးစေတယ်။ ဆရာ့ရဲ့ အသံကို တုန်ရီစေတယ်။ ဆရာရဲ့ပါးပြင်ကိုစိုဆွတ်စေတယ်။ ဆယ်စုနှစ်တွေအလီလီဖြတ်ခဲ့တယ်။ ငါ့အသက်အရွယ်တောင်
ခြောက်ဆယ်နီးပြီ။ ငါ့တပည့်ထဲက တစ်ယောက်လောက်ပညာတတ်ကြီးဖြစ်တယ်လို့ ဆရာမသေခင် ကြားချင်တယ်။ ဟောဒီဆရာအိုကထမင်းဖြူနဲ့ ငါးပိဖုတ်ကို စားရင်း မြေဖြူတစ်ချောင်း ကိုင်နိုင်သေးသိအထိ ငါတို့ရွာလေးကို ချစ်နေပါဦးမှာပါ။

ဆရာသည် အတွေးနွံထဲနစ်မျောက လှမ်းမြင်နေရသောယာတောတွေ အင်းအိုင်တွေကို ငေးမျှော်ရင်း တို့ရွာလေးရဲ့အနာဂါတ်ကို ကြောက်လန့်နေသယေင်ယောင်ပင်။

1 comment:

  1. ​ကောင်းဗျာဇာတိ

    ReplyDelete