Monday, April 25, 2011

မှတ်မိသလောက် အမေ့အကြောင်း

အမေဟူသော စကားတခွန်းကြားလျှင် အားလုံးရင်ထဲ လှုပ်ခတ်မြဲပင်။
နေရာဒေသ ဘယ်လောက်ကွဲကွဲ အမေချင်းတူကြ ညွှန်းဖွဲ့စာဆိုချင်းတူကြသည်။
လူတိုင်းသည် အမေဟု ကြားလျှင် မိမိအမေ သည်သာ စံထားပြုစရာ ချစ်စရာ
အကောင်းဆုံးသတ်မှတ်တတ်ကြပါသည်။ ကျွန်တော်သည်လည်း ထိုနည်းလည်း
ကောင်းပင်။

သားသည် တစ်ယောက်အမေ၊ သားများ၏အမေအဖို့
တစ်ဦးတည်းသောသားဖြစ်ပစေ၊ သားများ၏အမေဖြစ်ပစေ မကုန်သော မေတ်တာသည်
တစ်ဦးချင်းအပ်ါတွင် ထားတတ်ကြသည်။
အမေသည် သားကြီးမျက်နှာမြင်လျှင် ငါ့သားကြီး အစစအရာရာ ချို့တဲ့ခဲ့ရှာတယ်
ဟု တမျိုး၊ သားငယ်တွေ့လျှင် သားထွေး ဟုတဖုံ၊ ခပ်ဆိုးဆိုးသားကြပြန်တော့
ကံမကောင်းရှာဘူးဟု ကြံဆ ချစ်တတ်ကြပြန်သည်။

အမေပြောဖူးတဲ့စကားတစ်ခွန်းက ငါ့သားတွေအတွက် ဒီနေ့ဘာဟင်းလေးတွေချက်ရမလဲဆိုတာ
ဈေးနှစ်ပတ်လောက် ပတ်ပြီး တနေ့တနေ့စဉ်းစားရတယ်။ အမေတစ်ယောက်ရဲ့ မိသားစုအပေါ်
ဂရုစိုက်မှုပြရုပ်လေးတခုပါ။ သာမာန်ကိစ်စလေးဖြစ်ပေမယ့် အိမ်ထောင်သည် မိခင်တစ်ယောက်ရဲ့
အစပ်အဟပ်တဲ့ဖို့ နေ့စဉ် မထပ်ဖို့ ဂရုတစိုက်ထားတဲ့ စေတနာဖြစ်သည်။ ကျွန်တော့အမေ ဂုဏ်ယူ
တတ်တဲ့ ကိစ်စလေးတခုက အမေငယ်ငယ်ကတည်းက ထုပ်ပေးရတဲ့ ထမင်းထုပ် အသက်ခြောက်ဆယ်
ကျော်သည် အထိ ငါ့သားတွေအတွက် အမေလုပ်ပေးခဲ့ရတာပါတဲ့။ ကျွန်တော်အကြွင်းမဲ့လက်ခံမိသည်။
အမေသည် ငယ်ငယ်ကတည်းက သားကြီး၊သားငယ်၊သမီးကြီး၊သမီးလတ် အစဉ်အဆက် ထုပ်ပေးခဲ့သော
ထမင်းထုပ်သည် သားတို့သမီးတို့ ကလေးတွေ ရသည်အထိပင်ဖြစ်သည်။

အမေ့အတွက် ပြောစရာကိစ်စသည် အခြားသိပ်မရှိလှ။ သူ့သား၊သမီးများ အကြောင်းပင်ဖြစ်သည်။
အမေသည် စကားအလွန်ပြောသည်။ သို့သော် အမေသည် သူများပြောလျှင် သိပ်စိတ်မ၀င်စားပေ။
သူသာ မမောမပန်းလာသမျှလူ သူ့သား၊သမီးများအကြောင်းသာ ပြောနေချင်သည်။ အမေသည် ဟာသလဲ
တခါတရံလုပ်တတ်သည်။ ကျွန်တော့တွင် သူငယ်ချင်းတယောက်ရှိပါသည်။
သူသည် အမြဲ ည ၁၂ နာရီလောက်မှ စက်ဘီးဖြင့် အိမ်ကိုရောက်ရောက်လာတတ်သည်။
ထုံစံအတိုင်း လက်ဖက်ရည်ထိုင်စကားပြောကြခြင်းဖြစ်သည်။ တရက် ထိုသူငယ်ချင်းသည်
အနည်းငယ်စောပြီး ည၁၁ခွဲလောက်ရောက်လာသည်။ အမေက ကိုဦး လက်ဖက်ရည်သောက်
စောသလားလို့ ဟု စကားကို အပြည့်မပြောဘဲ ပြုံးနေသည်။
ကိုဦးကလည်း ဒီနေ့သူလာတာ စောတာ သတိထားမိတော့
ဟုတ်တယ် အမေသန်း ဒီနေ့နည်းနည်းစောတယ်ဟု နှုတ်ဆက်စကားဆိုသည်။
အမှန်က အမေဆိုလိုသည်မှာ ည၁၂နာရီမှ လက်ဖက်ရည်ဆိုင်ထိုင်တာ မစောဘူးလားဟု
စကားအလိမ်မာဖြင့် ဆိုခြင်းဖြစ်သည်။ နောက်မှ ကိုဦးလည်း သဘောပေါက်ကာ
အမေသန်း တော်တော်နောက်ဟု ရယ်ကာနေခဲ့ရသည်။

အမေသည် ခုနစ်တန်းအောင်သည်ထိ ကျောင်းတတ်ဖူးသည်။
နောက်အဖေနှင့်ကြောင်းပါသဖြင့် ကျောင်းဆက်မတက်ခဲ့ရပေ။ သတိထားမိသလောက် အမေသည်
မှတ်ဥာဏ်အလွန်ကောင်းသည်။ ရွာမှာ အိမ်ဆိုင်လေးဖွင့်တုန်းက စာရင်းစာအုပ်တွင် မှတ်ထားယုံသာ
မှတ်သည်။ အားလုံး ဘယ်နေ့ ဘယ်သူကအစ မှတ်မိသူဖြစ်သည်။ ကျွန်တော်တို့ ရန်ကုန်ရောက်တော့
ကြားသမျှ အဂ်လိပ်စကားလုံး တခါကြားအမေမှတ်မိသည်။ နောက်ကြုံရင် မပီကလာပီကလာ အမေ
ပြောတတ်သည်။ ရန်ကုန်ရောက်တော့ အမေလေ့လာသင်ယူသော စကားလုံးအသစ်အချို့မှာ
ဖုန်း၊အင်တာနက်၊ကွန်ပြူတာ စသည်တို့ဖြစ်သည်။ အမေသည် ငယ်စဉ်က ဘာသာရေးအလွန်လုပ်
ခဲ့ဖူးသည်။ ရွာတွင် တရားပွဲစီစဉ်လက်ခံ ကျင်းပပေးသူဖြစ်သည်။ အကိုတော်များ အမည်သည်
ဆရာတော်တွေ ပေးခဲ့သော အမည်များဖြစ်သည်။ သို့သော် အသက်ရလာချိန်တွင် အမေသည် သား
မြေးကိစ်စများဖြင့်သာ အလုပ်များနေတတ်သည်။ ပြီးခဲ့သောနှစ် ရန်ကုန်ပြန်တော့ အမေ တသက်လုံး
လဲလုပ်ပေးခဲ့ပြီးပြီ အမေ့အတွက်လဲ လုပ်အုံးဆိုတော့။ ငါ့သားတဲ့ အမေက ဗြမစိုတရားလက်ကိုင်ထား
တယ် ဟောတွေ့လား နံရံက တရားငါးပါးတဲ့။ အမေသေ နတ်ပြည်ရောက်မှာတဲ့။ အဲလို ပြောရခက်သည်။
ဥပုဒ်ဆောင့်သွားလျှင် သီလယူပြီး အိမ်စိတ်မချဘူး ဆိုကာ ပြန်လာတတ်သည်။

တရက်တရက် လုပ်စရာအားလုံးပြီးလဲ အိမ်ရှေ့၊အိမ်နောက် အမှိုက်တစက အစလိုက်ကောက်နေတတ်
သည်။ ငါ့သားတဲ့ အမေ တခုခုလုပ်နေမှ မဟုတ်ရင် သားတွေအကြောင်း တယောက်ပြီးတယောက်
အမေတွေး နေတော့တာ။ ကျွန်တော် သိပါသည်။ အမေသည် မျက်ရည်လွယ်သည်။
တော်ကြာဘယ်သူ့ကို သတိရသည် ဆိုပြီး အမေငိုတတ်သည်။ နားနားနေနေ သနပ်ခါးအဖွေးသားနဲ့
အမေထိုင်နေပြီဆို မကြာတော့ပါ သူ့သားတယောက်ယောက်ကို အမေ တကာ တကာ မျက်ရည်စစ ဖြစ်တော့မည်။
အနေနီးသော သားများကို အိမ်လာရန် မျှော်မည်။ အနေဝေးသောသားများကို
ဖုန်းဆက်ရန် အမေမျှော်သည်။ ကျွန်တော် ဖုန်းဆက်လျှင် အမေနေကောင်းလားသာ ကျွန်တော်ပြော
ပါသည်။ ကျန်တာ မိသားစုလူစေ့အောင် အမေ မမောတမ်းပြောပြပါတော့သည်။ ဖုန်းချခါနီး အမေဒါ
ဘဲနော် တာတာ။ ဒါသည် ကျွန်တော် ဖုန်းဆက်တိုင်း ပြောနေကြ စကားနှစ်လုံးသာဖြစ်ပါသည်။

တခါတရံ အမေ့အကြောင်းစဉ်းစားမိတော့ ကိုယ့်ကိုယ်ကို စိတ်တိုမိသည်။ အမေသည် သားတွေအပေါ်
ဒီလောက်ဂရုစိုက်ခဲ့သလောက် ကျွန်တော်သည် အမေ့ မွေးနေ့ကို ယနေ့အထိ မမှတ်မိသေးပါ။
ပြောလဲ ကျွန်တော်မေ့သွားတတ်သည်။ ဒီတခါ ထပ်မေးပြီးလျှင် ဘယ်တော့မှ မမေ့ရန် ကိုယ့်ဘာသာ
ဂတိပြုမိသည်။ တသက်မှာ တခါလောက် ကျွန်တော်အမေ့ကို ပျော်ရွှင်သော မွေ့နေ့ဆုတောင်း
တခုနဲ့ ငါ့ကြောင့် အမေ ပြုံးတယ် ဆိုတဲ့ အပြုံးတခုကို ရအောင် အသေအချာ မလွဲမသွေ ကျွန်တော်
လုပ်မည်လို့ ဆန်ဒပြုရင်း လာမည့်၂၀၁၁ အမေများနေ့အကျိုအထိမ်းအမှတ်အနေဖြင့်
အမေအားလုံး ကျမ်းမာချမ်းသာလို့ စိတ်နှစ်လုံးအေးချမ်းကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် အမေ။

No comments:

Post a Comment