Tuesday, January 12, 2010

အမေ

လရောင်ချို ကျဲကျဲဖြန့်လို့
အလင်းရောင်အမှုန်များ ကုက္ကိုကိုင်းကြား
တံဇမြိတ်နားမှ မေ့မျက်နှာဝယ်လရောင်ချယ်စဉ်
ငွေရည်လဲ့မျက်ဝန်း၊ ပြယ်လွင့်စသနပ်ခါး၊ ပါးလျှဆံစထုံးနဲ့
သူ့မျက်နှာမှာ
တောင်လှေကါးထစ်လို ချစ်ခြင်းမေတ္တာတွေ စိုက်ပျိုးထားရဲ့

အရွယ်အိုလို့လေလား
အမောင့်ကိုလွမ်းနေလားလို့
အိပ်သည်မပျော် ထိုင်သော်မှလည်း စိတ်သည်မရှိ
လရောင်မှသည် မမြင်သည့်ဆီသို့
ထို့မှတဆင့် မေ့မေတ္တာသည် စီးဝင်သို့နှယ်

ငါကလေးလေးတုန်းက မေ့မျက်နှာ၀၀
သနပ်ခါးတွေ ဖွေးဖွေးလှုပ်လို့
လရောင်မလို ချိုတဲ့မျက်နှာ
မေ့ဆံပင်ဆိုတာ ငါ့တစ်ရပ်လောက်ရှိရဲ့

အမောင်ထွက်ခွါ တစ်ပြည်တစ်ရွာသွားသော်
မျက်ရည်ရွဲလျှက် အမေလက်ပြ
မမြင်သော်လည်း လေယာဉ်ပျံမှ အမေပြန်သည်

အမောင့်ကိုလွမ်းသော် ငယ်ကသိမ်းထား
အင်္ကျီအဟောင်းများ မျက်ရည်စို၍
အမှောင်တစ်နေရာ အမေခိုနေပါအုံးမည်။

CMN

No comments:

Post a Comment