ချွင်…….ချွင်……..ချွင်
ရွှေခြေကျင်းရဲ့ ရိုက်ခတ်သံက လေထဲ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဝင်ပျံ့နှံ့နေသည်။ ရွက်ခြောက်တွေက မြူးတူးပျော်ပါးနေသလို သူ့ဖ၀ါးအကြွမှာ တ၀ဲဝဲ။ ၀င်းဝင်းဝါ လင်းထိန်ညီးအောင် ခန်းဆောင်ပြည့် ဖြူလှပြီး သူ့ရွှေရင်အစုံမှာလည်း လှိုင်းဟုန်လိမ့်သလို ထင်ရအောင် ထယ်လှသည်။ လက်အစုံက ဆွမ်းတော်အုပ်ကိုပိုက်ကာ ယဉ်လှ မြင်ရသူ ကြည်နူးလောက်အောင် မနှေးမမြန် ခင်လေးလျှောက်ဟန်က နန်းဆန်လှသည်။ စံပယ်ရနံ့က ခပ်ဝေးဝေးကပင် မွှေးထုံနေသည်။ ကေသာထက် အရစ်ရစ်ခွေကာ စံပယ်တွေ ဆင်းမြန်းထားပုံက မဟူရာထဲ အဖြူရောင်တွေ ဖောက်ထားတဲ့ ကြယ်တွေလိုဘဲ။ ညနေ နေ၀င်ခါနီးအချိန် ဘုရားပျက်တစ်ခုနားဝယ် သူမအသာအယာ ၀င်ထိုင်လိုက်သည်။ ၀င်တော့မယ့် အနောက် ဘက်ဆီက နေလုံးရဲရဲကြီးကို ငေးလို့ သူမဘာကိုမျှော်နေရှာပါလိမ့်။ ကျွန်တော်ဟာ လှပတဲ့ပန်းချီကားတစ်ချက်ကို ကြည့်နေရသလို မင်သက်ငေးမျှောနေမိသည်။ ဘုရားပျက်နောက်နားမှာ အိပ်နေသော ကျွန်တော့ကို သူမ မမြင်လေသလား။ အသက်ရှူရန်ကိုပင် ကျွန်တော် မေ့လျှော့နေပါသည်။ သူမသည် တစ်စုံတရာ၏ စေ့ဆော်မှုကြောင့်ပင်လား ကျွန်တော့ဘက် အသာအယာပင် လှည့်ကြည့်သည်။ ထို့နောက် အလွန်တရာမှောင်မိုက်သောည လမင်းကြီးတိမ်ကွယ်နေပြီး ပြန်ထွက်လာသကဲ့သို့ပင် သူမ၏အပြုံးကြောင့် ကျွန်တော်သည် အသက်ရှူပင် မ၀တော့။ လှဲနေရန်လည်း မ၀ံ့တော့သဖြင့် ကျွန်တော် ထထိုင်လိုက်သည်။
အား..
ကျွန်တော့ လန့်အော်မိသည်။ ကျွန်တော့ခန္ဓာမှာ ခွန်အား တစက်မျှမရှိတော့။ သူမ၏ အပြုံးသည် ပိုလို့ပင်ပီပြင်လာသည်။ အသက်ရှူသံသည်လည်း ပိုလို့ပင် ပျင်းလာသည်။ ရင်တခုလုံး ပေါက်ထွက် လောက်မတတ် သူအသက်ကို အတင်းရှူနေရသည်။ ရုန်းရင်းကန်ရင်း အော်ဟစ်နေသော်လည်း အသံသည် ထွက်မလာဘဲ တအင်းအင်းသာဖြစ်နေသည်။ ထိုစဉ်
လူမွှေး၊ လူမွှေး
ဟု ခေါ်သံကို တိုးတိုးသဲ့သဲ့ ကြားမိသည်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့လက်ကို ကိုင်ကာ
လူမွှေး မင်းဘာဖြစ်နေတာလဲ၊ ထတော့ ရွာထဲပြန်ကြရအောင်
ဟုဆိုမှ သူ့အာရုံတို့သည် ပြန်လည်ကြည်လင်လာကာ မျက်ဝန်းမှလည်း အရာရာကို ရှင်းရှင်းပြန်မြင်လာခဲ့သည်။ မောင်ညှက်သည် သူ့နားတွင် ဒူးထောက်ထိုင်လျှက် ရှိသည်။ မောင်လူမွှေးလည်း ဟင်းကနဲ့ သက်ပြင်းချကာ ဘုရားပျက်အား တစ်ချက်မျှ စူးစူးစိုက်စိုက် ကြည့်ကာ ဘာမျှမဆိုဘဲ ထထိုင်လိုက်သည်။ ထို့နောက် မောင်ညှက်နှင့် ရွာဆီသို့ လျှောက်လာခဲ့သည်။ သူ၏အစောက အဖြစ်အပျက်သည်
အိမ်မက်ပင်လား တကယ်လား သူမဝေခွဲနိုင်။ ပြန်စဉ်းစားရင်း စံပယ်ရနံ့လေးပင် သူရနေသလိုလိုခံစားမိသဖြင့် နောက်ပြန်လှည့်ကာ ဘုရားပျက်အား ရပ်ကြည့်နေမိသည်။ မောင်ညှက်က
လူမွှေး ဘာရပ်ကြည့်နေတာလဲ လာသွားစို့
ဆိုမှ သူ သက်ပျင်းတချက်ချကာ လှည့်ပြန်ခဲ့ပါတော့သည်။
တုံ တုံ တုံ။ အုန်းမောင်းခေါက်သံ သူကြားနေရသည်။ ဆယ့်တစ်နှာရီလောက်က တစ်ရေးလောက်အိပ်လိုက်တာ၊ သူတစ်နာရီခန့် အိပ်ပျော်သွားပုံရသည်။ ပက်လက်လှဲနေရင်း လက်တစ်ဖက်ဖြင့် ကွပ်ပျစ်ပေါ် ဟိုစမ်း ဒီစမ်းလုပ်ကာ ယပ်တောင် ကိုလိုက်စမ်းနေမိသည်။ နေပူရှိန်က အတော်ပင်ပြင်းသည်။ နှစ်ချက်သုံးချက် ခတ်လိုက်မှ သူနေသာထိုင်သာရှိသွားသည်။ ဟူးကနဲ့ သက်ပြင်းကိုချကာ ခေါင်းအောက် လက်လျှိုပြီး ပတ်ဝန်းကျင်ကိုငေးနေမိသည်။ မကြည်းပင်အရွက်နုနုတွေ သူ့ခေါင်းထက် အပင်ပေါ်တွင်ဝေစာနေသည်။ သူလှဲနေသော ကွပ်ပျစ်သည် မကြည်းပင်အောက်တွင်ဖြစ်သည်။ ညနေမှခူးပြီး သုတ်စားအုံးမည်။ ထို့နောက် မနေ့က ညနေက ဘုရားပျက်မှ ဖြစ်အပျက်ကို
ပြန်စဉ်းစားဆဲ။
မောင်လူမွှေးတယ် ဇိမ်ကျနေပါလား ယပ်တစ်ချောင်းနဲ့
ဟုဆိုရင်း ကွပ်ပျစ်တွင် ၀င်ထိုင်သော ဘကြီးစိုး။ ဘကြီးစိုးသည် ဟိုဘက်ခြံတွင်နေထိုင်ပြီး ဗဟုသုတစုံကာ စကားကို စဉ်းစားဆင်ခြင်ဆိုတတ် သည်။
အတော်ဘဲ ဘကြီးစိုး၊ ကျွန်တော်လည်း တစ်ယောက်ယောက်ကို ပြောပြ မေးမြန်းချင်နေတာနဲ့။
ဘာကိစ္စလဲ မောင်မွှေးရဲ့။
ဒီလိုဟု အစချီကာ မနေ့က ကိစ္စကိုပြောပြဖြစ်သည်။
ဘကြီးစိုးက အနည်းငယ်စဉ်းစားပြီးမှ
အင်း ငါ့တူက မြေပေါ်မှာ အိပ်နေတာဆိုတော့ အိမ်မက်မက်ပြီးပြန်အထမှာ မြေကိုင်တာနေမှာပါကွာ။ သိပ်စိတ်ထဲမထားနဲ့
နောက်နောင် ညနေခင်းဘက်ဆို မြေပေါ်မှာ မအိပ်လေနဲ့ကွ။ အဲဒီလိုအချိန်ဟာ အပုတ်ချိန်ခေါ်တယ်။ ငါ့တူပြောပြတဲ့ မိန်းကလေး ဘကြီးစိုးတောင် ပြေးမြင်ချင်မိတော့တယ်။ ငါ့တူပြောပြပုံက အနုစိတ်တော့ ဘကြီးတောင်မြင်ယောင်မိတော့တယ်
ဟုဆိုကာ ရယ်မောနေသည်။ မောင်လူမွှေးလည်း ပြုံးနေမိသည်။
တောရွာထုံးစံက ညဆို စောစောအိပ်ကြသည်။ နံနက်တွင် စောစောထ ယာခင်းသွား ကြသည်။ လူပျိုကာလသားများကတော့ တနေရာမှ တနေရာ သီချင်းတကျော်ကျော်ဖြင့် ။ ကျွန်တော်နေသည်မှာ ရွာအရှေ့ပိုင်းမှာနေသည်။ ရှစ်တန်းအထိ အတန်းပညာသင်ယူပြီး မိဘလက်ငုတ် တောင်ယာ ကို ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ သီချင်းတကျော်ကျော်ဖြင့် လူပျိုလှည့်ခြင်းကို ၀ါသနာထုံသည်။ ထို့ကြောင့်ပင် လူပျိုလှည့်လျှင် ကျွန်တော်ပါစ မြဲပင်။ မိမိနှစ်သက်သူ ရှိသဖြင့် လိုက်ပါ သီဆိုခြင်းတော့ မဟုတ်ပါ။ လူငယ်သဘာဝ လိုက်ပါ ပျော်ရွှင်ခြင်းသာဖြစ်သည်။ ထို့ကြောင့်ပင် ဘယ်သူ လူပျိုလှည့်ချင်သလဲ ကျွန်တော့ကို အဖော်ခေါ်ကြမြဲ။ တစ်နေ့ အရပ်တပါးမှ ပြောင်းရွှေ့လာသော မိသားစုတစုသည် ရွာနောက်ပိုင်းရှိ ခြံကျယ်ကြီးအား ၀ယ်ယူကာ အကျအန၀င်းခတ်နေထိုင်လေသည်။ ထိုမိသားစုသည် ရွာရှိလူများနှင့် သိပ်ရောရော နှောနှောမရှိကြပေ။ တခါတရံ အသက် ၅၀ ကျော် ဘဘကြီးကို လမ်းထွက်လျှောက်တာ တွေ့ရတတ်သည်။ ဘဘကြီးသည် အလွန်ဗမာဆန်ဆန်နေတတ်ပြီး ခန့်ညားသူ ဖြစ်သည်။
ဒီလိုနှင့် ရွာကထိန်ကျင်းပသောအခါသမယသို့ရောက်လာခဲ့သည်။ အများ၏ ဘဘကြီးတို့မိသားစုကို စိတ်ဝင်စားမှုသည် ပိုလို့သာ တိုးလာခဲ့သည်။ တခါတရံ လုံမပျိုတယောက်ကို ခြံထဲတွင်တွေ့သည် ဆိုသူကဆိုသည်။ တခါတရံ အဒေါ်ကြီးတစ်ယောက် အ၀တ်လှန်းတာ တွေ့သည် ဆိုသူဆိုကြသည်။ ဘဘကြီးနှင့် ရွာကလူများ နဖူးတွေ့ဒူးတွေ့ စကားပြော ဖူးသူရှားသည်။ သို့သော် စကားပြောရရန် အကြောင်းဖန်လာသည်။ ဘဘကြီးက ရွာလူကြီးအား ဒီနှစ်ကထိန်ကို သူတစ်ဦးတည်း လုပ်ချင်းကြောင်း ရွာကထိန်ကို အလှူခံလေသည်။ ရွာကထိန်အလှူဆိုတာ ရွာက စုပေါင်းလှူကြရမြဲ။ တစ်စုံတစ်ယောက်က ရွာကထိန်ကို အလှူခံပါက အားလုံးသဘောတူမှ ကထိန်ရလေသည်။ တစ်ဦးသော်မှ မကန့်ကွက်မှ ကထိန်ရသည်။ ထို့ကြောင့်ပင် ရွာလူကြီးက အစည်းအဝေးခေါ်ကာ အားလုံးနှင့် တိုင်ပင် ကြသည်။ အားလုံးက တစ်နှစ် တစ်ခါ လုပ်သော ကထိန အလှူကို သူတို့လဲပါချင်ကြသည်။ တောင်ပိုင်းက တမျိုး၊မြောက်ပိုင်းက တဖုံဖြင့် ကထိန်အလှူသည် အဖြေမပြတ်သားဘဲ ရှိလေသည်။ ဘဘကြီးလဲ လက်မှိုင်ချကာ နေရသည်။ ရွာလူကြီးလည်း အားလုံးသဘောမတူသဖြင့် ဘဘကြီးအား အားနာလျှက်ရှိလေသည်။ ထိုစဉ် ကာလသားအုပ်စုထဲမှ လူငယ်တစ်ယောက် မတ်တပ်ရပ်လာသည်။
ရွာလူကြီးခင်ဗျား ကျွန်တော် စကားပြောလို့ရမလား။
ဒီကဘဘကြီးနဲ့ ရွာသားတွေအတွက်ပါ နှစ်ဦးနှစ်ဖက် အစဉ်ပြေမယ် ထင်တာတစ်ခု သတိရမိလို့ပါခင်ဗျာ။
ရွာလူကြီးနှင့်ဘဘကြီးမျက်နှာသည် မျှော်လင့်ချက်အရောင်သန်းလာသဖြင့်
ကဲဆိုပါဦး မောင်လူမွှေး ဟုဆိုရင်း “အားလုံး တဆိတ်လောက် မောင်လူမွှေးပြောတာကို နားထောင်းကြည့်ပေးကြပါအုံး”
ဒီလိုပါရွာလူကြီး။
{ တမြန်နှစ်က ကျွန်တော် အညာသွားတုန်းက အညာကထိန်နဲ့ကြုံခဲ့ပါတယ်။
အလွန်စည်ကားပြီး လာသမျှလူတိုင်းကို စေတနာ ဗလပွနဲ့ ကြွေးတာဖြင့် မကြုံဖူး ထူးလှတဲ့ ကထိန်ပါ သူကြီး။
အညာသားတွေတယ်လဲ အလှူရက်ရောပေတယ်} လို့ ဦးလေးတော်သူကို ပြောပြတော့။ ဦးလေးတော်သူက
{ အေးကွ အလှူကလဲ ရက်ရောတယ် စီစဉ်သူတွေလဲ တော်ကြတာကိုးကွဲ့။
ငါတူလဲမြင်ဖူး ကြားဖူးမှာပါ။
သင်္ကန်းလှူတယ် လှူတယ်ဆိုပြီး သင်္ကန်းက ငါးနှစ်သား ကိုရင်တောင် သင်းပိုင် လုပ်မရတာမျိုး။
နောက်ပြီးတကယ်မလိုအပ်ဘဲ ပိုလျှံနေတဲ့ အရာတွေကို ၀ယ်လှူတာမျိုး။
အဲဒါတွေဟာ အကျိုးလဲမရှိဘူး လိုအပ်တဲ့နေရာတွေမှာလဲ အသုံးမလောက်ဖြစ်စေတဲ့အတွက်
ဒါမျိုးတွေကို အမျှော်အမြင်ရှိရှိ ကြီးကြပ်စီစဉ်တဲ့သူ လိုသကွ။
အဲဒါတွေထက် ဒီနှစ်ပိုစည်တဲ့အကြောင်းအရင်းက ကထိနတစ်ဦးတည်းအလှူ ရွာမှာလက်ခံလိုက်တယ်။
ဒီတော့ တရွာလုံးလှူသမျှနဲ့ တပေါင်းတည်းထည့်လုပ်တာမို့ ခုငါ့တူမြင်သလိုပါဘဲ} တဲ့။
အဲဒါဘဲ သူကြီး။
{ကျွန်တော့အမြင်အရတော့ ဒီကဘဘကြီးလဲ ကထိနအလှူရ ရွာသားတွေလဲ ထုံးစံအတိုင်း လှူကြ၊
အဲဒီငွေကိုတော့ တခြားအလှူရေးရာကိစ္စတွေမှာ သုံးမယ်ဆိုရင် ဒီနားတ၀ိုက် ကျွန်တော်တို့ရွာကထိန်ဟာ အစည်ကားဆုံးဖြစ်မှာဘဲ}
ဒီလိုနဲ့ ရွာသားတွေလဲကျေနပ်၊ဘဘကြီးနဲ့ရွာသူကြီးလဲကျေနပ်လို့ မောင်လူမွှေး သတင်းမွှေးနေပါသည်။ ထိုနေ့ကစ ဘဘကြီးတစ်ယောက်
မောင်လူမွှေးနဲ့ရင်းနှီးသွားပါသည်။ လမ်းလျှောက်ထွက်လျှင် မောင်လူမွှေး အိမ်ဘက်ရောက်ရောက်လာတတ်ပြီး စကားစမြည်ဆိုတတ်သည်။ ထိုမှစ မောင်လူမွှေးတစ်ယောက် ဘဘကြီးအိမ်ဝင်ထွက်စပြုလာခဲ့သည်။
ကထိန်ရက်လည်း နီးလာသဖြင့် အိုးစည်၊ဒိုးပတ် စမ်းသံများ ရွာထဲတွင် သူ့အပိုင်းနှင့်သူ ကြားစပြုလာသည်။ ဦးရွှေရိုးအက ကသူက ကနေကြသည်။ ကျွဲရုပ်လုပ်သူက လုပ်နေကြသည်။ ရွာထဲတွင် ကထိန်အကြောင်းသာ ပြောလျှက်ရှိကြသည်။
ကလသားတစ်သိုက်လဲ ဒီနှစ်ပြဇာတ်ကရန်အတွက် မလည်ပတ်နိုင်အားတော့။ ညည နေ့နေ့ ကာလသားခေါင်း ကိုအောင်ကြီးအိမ်တွင် ပြဇာတ်တိုက်ရင်းသာ အချိန်ကုန်နေကြတော့သည်။ ကထိန်ရက်ရောက်တော့ တရွာလုံးစိတ်ဝင်စားနေတာက ဘဘကြီးအိမ်မှ လုံမပျို ကိုပင်။ မည်သူမျှ သူမ၏ရုပ်ရည်ကို အပြင်တွင် မမြင်ဘူးကြပေ။ မောင်လူမွှေးတစ်ယောက်သာ မြင်ဘူးသည်။ သို့သော်မောင်လူမွှေးမှာ လူရိုးဖြစ်
သဖြင့် ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးဖြစ်သည်မှလွဲလျှင် ဘာမျှမပြောပေ။ မကြာလှ လူငယ်တသိုက် ဆူဆူညံညံအသံများကို ရွာဦးဘုန်းကျောင်းအ၀င်မှကြားရသည်။ မောင်လူမွှေးလည်း လှမ်းမျှော်ကြည့်လိုက်သည်။ ဘဘကြီးနှင့် လုံမပျိုသည် ရွာလူကြီးနှင့် စကားပြောရင် လှမ်းလာနေသည်။ လုံမပျိုသည် ချိတ်ထမီ၊ရင်ဖုံးအင်္ကျီဖြင့် ယဉ်လှပေသည်။ ပါးတွင် သနပ်ခါး ပါကွက်ကြားက
မြင်သူတကာ ရင်အေးလှသည်။ အရပ်အမောင်းကလဲ ကောင်းသဖြင့် ယဉ်တကိုယ် မြင်သူတိုင်းငေးလောက်အောင် လှသွေးကြွယ်နေသည်။ စောစောက ဆူညံသံသည် တိတ်ဆိတ်ကာ အားလုံးငေးမောနေကြတော့သည်။
မြပုခက်တွင်း အိပ်စက်ရင်းမှ ကြီးပြင်းလာပြန်တော့ကွယ် မြပုဝါနှစ်သက်သလားတကယ် လရောင်အောက်ဆီမှ ချစ်စွာသော မောင့်သက်ထားနဲ့ နေပူထဲက မောင့်ဘ၀ကွာခြားတယ်။
ခုကြားနေရတာ ဇင်းဘုမြပုခက်ချက်ဆူပါ။ ချက်ဆူအမည်သည် မွေးကတည်းက ချက်ကသူများထက်ဆူသဖြင့် ခေါ်တွင်ရာမှ ရလာသော အမည်ဖြစ်သည်။ သူ၏အမည်မှာ ငွေမောင်းဖြစ်သည်။ ငွေမောင်းအမည်နှင့် လိုက်အောင် သူသည် အသံသာယာကာ သီချင်းအဆိုကောင်း သူတစ်ဦးဖြစ်သည်။ ရွာမှာ ဘာပွဲရှိရှိ ချက်ဆူတို့က ဆိုလိုက်ရမှ။ ဆိုလျှင်လည်း မြပုခက်က မတက်၊ တခါလာလည်းမြပုခက်၊နှစ်ခါလာလည်း မြပုခက် ဒီတော့ မြပုခက်ချက်ဆူတွင်လေသည်။ တခါကလည်း ရွာလူကြီးအိမ်မှာ ဖြစ်သည်။ ရွာလူကြီးက ဓါတ်စက်ဖွင့်ကာ ရွာသားများကို နက်ဖြန်နံနက် ရွာကန်ဆယ်ဖို့ရာ တစ်အိမ်တယောက်လာကြရန် ချက်ဆူအား အော်ခိုင်းလေသည်။ ချက်ဆူလည်း မိုက်အား ကိုင်ခါ ဟလို
တခါစမ်းလိုက်။ မြပုခက်ဟစ်လိုက် လုပ်နေသည်။ ရွာသူကြီးလည်း ခဏတော့ ကြည့်နေလိုက်သေးသည်။ သို့သော်ချက်ဆူက မြပုခက်က မတတ်လာသဖြင့် အနီးရှိ ဆေးလိပ်ပြာခွက်ဖြင့် ကောက်ပေါက်မှ မြပုခက်ရပ်လေသည်။ ထို့သို့ အဆိုဝါသနာပါသော သူဖြစ်သည်။
အော်ဂင်ဝိုင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လာတဲ့ တီးဝိုင်းကြောင့်အားလုံးအာရုံက တီဝိုင်းဆီရောက်သွားပါတယ်။ ပဒေသဘင်များ သယ်လာကြတဲ့ သူငယ်များ၊ ကွမ်းတော်ကိုင်များဖြင့် ရွာဘုန်းကြီးကျောင်းအ၀င်မှဆီ ရွာလမ်းထဲအထိ တန်းစီနေတဲ့ လူအုပ်ကြီးဟာ ကထိန် လှည့်လည်ပြသနေကြခြင်းသည်။ ဒိုးပတ်ဝိုင်းကလည်း အားကျမခံ ဦးရွှေရိုးဒေါ်မိုးအကဖြင့် မြိုင်ဆိုင်နေသည်။ ကျွဲရုပ်ကလဲ ဟိုခြံဝင်တိုး
ဟိုလူ့ဝင်ခွေ့ဖြင့် သောသောညံနေကြသည်။ ရွာလမ်းတစ်လျှောက် ထွက်ကြည့်နေသူများဖြင့် ပြည့်လိုနေသည်။ ဒီနှစ် ဦးရွှေရိုးနှင့်ဒေါ်မိုး အကမှာလည်း ဆန်းသစ်ကာ စကားပြောထည့်ထားသဖြင့် ဦးရွှေရိုးနှင့်ဒေါ်မိုး အကချင်းပြိုင်ယုံမဟုတ်တော့ စကားပါပြိုင်ကြလေသည်။ ဦးရွှေရိုးက နှုတ်ခမ်းမွှေးတစစလှုပ်ကာ မျက်စာပစ်လိုက်၊ ထီလေးကာကာနဲ့ မျက်နှပေးအမျိုးမျိုးပေးကာ ဒေါ်မိုးကို စသည်။ ဒေါ်မိုးက ခါးလက်ထောက်ကာ မာနမျက်နှာဖြင့် သရုပ်ပီလှသည်။ ကာလသားတချို့မှာ မိမိနှစ်သက်သည့် အပျိုတော်များအနား ရစ်သီရစ်သီဖြင့် မကြားတကြား သီချင်းဆို ပိုးပန်းနေကြသည်။ မောင်လူမွှေးမှာတော့ ရွာလူကြီးအနားက မခွာနိုင်ဘဲ ဖြစ်နေသည်။
“တကယ်ဆိုရင် ကိုကလည်း ချစ်မိနေပြီ ဖွင့်ဟလို့ အပြောခတ်သည်”
အော်ဂင်တီးဝိုင်းရဲ့မျက်လုံးချင်းစကားပြောနေသည် သီချင်းက မောင်လူမွှေးအား ရင်ခုံလှုပ်ရှားနေစေတော့သည်။ လူကြီးများစကားပြောနေ သံကို မကြားတချက် ကြားတချက်ဖြင့် မောင်လူမွှေး အတွေးနွံထဲ ချစ်ရေယဉ်မျောလျှက်ရှိနေပါတော့သည်။ လုံမပျိုလည်း လူကြီးတွေစကား ထဲ ဆိုစရာစကားကမရှိ။ မောင်လူမွှေးအား ပြောရမှာလည်း လူပျိုအရွယ်မို့ ငေးမိငေးရာငေးနေရော့သလား။ ဒီနှစ်ကထိန်သည် မောင်လူမွှေး အတွက်တော့ မမေ့နိုင်စရာ ကြည်နူးစရာ ကထိန်တကာ ကထိန်ဟု ဆိုရမည်လားမသိ။
တရွာလုံးမျှော်လင့်နေတဲ့ ကထိန်ညတော့ ရောက်ခဲ့ပါပြီ။ ပြဇာတ်ရုံသည် ရွာဘုန်းကျောင်းဘေးရှိ မြေကွက်လွတ်တွင် ဖြစ်သလို
စဉ်လေးထိုးထားခြင်းဖြစ်သည်။ ရွာရှိ ကလေး၊လူကြီးမကျန် စင်ရှေ့တွင် ဖျာအပြည့် ထိုင်နေကြလေပြီ။ စင်နောက်ဖက်မှာတော့ ကာလသားတို့ မိတ်ကပ်လူး၊ အ၀တ်လဲနေတာကို တွေ့နေရသည်။ ညသည်လည်း ရှစ်နာရီဝန်းကျင်မျှရှိလေပြီး။ ဇာတ်ကမစသေးသဖြင့် အသံဆူဆုဖြစ်နေသည်။ ထို့ကြောင့် ရွာလူကြီးက အနားရှိ မြပုခက်ချက်ဆူအား
ကဲ ချက်ဆူ၊ စင်ပေါ်တက်ပြီ ပရိတ်သက်ကြီးကို ကျေးဇူးပြုပြီး ခဏလောက် စောင့်ခိုင်းလိုက်။ မကြာခင်ပွဲစမယ်ဆိုတာ သွားပြောချည်စမ်း။
မြပုခက်ချက်ဆူလည်း ရေထဲလွှတ်တဲ့ငါးလို ထပြေးလေသည်။ ချက်ဆူသည် စင်မြင်ကတည်းက တက်ချင်ချင်ဖြစ်နေတာ ခုမှတက်ရသည်။ စင်နောက်ဖက်သို့ အရောက် ကိုအောင်ကြီးအား ရွာသူကြီးက စင်ပေါ်တတ်ပြောရန်မှာလိုက်ပုံပြောပြသည်။ အောင်ကြီးလည်း ချက်ဆူအကြောင်းသိသဖြင့်
အေး ဒါဆိုလဲ ငါတက်ပြောလိုက်ပါမယ်။ မင်းပြန်တော့။
ဆိုလေသည်။ ထိုစဉ်
ကိုအောင်ကြီး လုပ်ပါဦးဗျ ပြဇာတ်မှာ သုံးဖို့ ထားတဲ့ ထမ်းပိုး အစောက ရှိသေးတယ်။ ဘယ်ရောက်သွားသလဲမသိဘူး
ဟု ကာလသားတစ်ယောက်က လာပြောသည်။ အောင်ကြီးလဲ ခက်ပြီ သဘောဖြင့် ချက်ဆူကိုတချက်ကြည့်သည်။
ကိုအောင်ကြီးရေ အရေးပေါ်ပြန်ဘီဗျ
ပြဇာတ်မင်းသားလုပ်မည့် ကိုရာပြည့်။
ဘာဖြစ်ပြန်ပြီလဲကွာ။
ကျွန်တော်ဝတ်မယ့် တောင်ရှည်ပုဆိုး အစောက ရှိသေးတယ်ဗျ။
အင်္ကျီဝတ်နေတုန်း ခဏချထားတာ ခုမတွေ့တော့ဘူး။
ဟေ..အဲဒါမြို့က ငှားလာတာ။ အဲဒါထက် ပြဇာတ်က ကရတော့မယ် မင်းတို့က တလွဲချည်းပဲ
ဟု ဆိုရင်း ကိစ္စတွေရှင်းပေးရန်ထွက်သွားသည်။ အောင်ကြီးလည်း ချက်ဆူအား သတိမရတော့။
များမကြာပါ ဇာတ်စင်ပေါ်မှ အဟမ်း၊ အဟမ်း၊ အဟမ်း တမင်တကာ သူ့အားမကြည့်မချင်းလုပ်နေသော အဟမ်းများဖြင့် ချက်ဆူ။
ချစ်စွာသော ပရိတ်သက်ကြီးခင်ဗျားဖြင့်စကာ မင်းသားဂိုက်ဖြင့် ချက်ဆူတော့ စလေပြီ။
ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးကြပါခင်ဗျာ။
မကြာခင် ပြဇာတ်စပါတော့မယ်ခင်ဗျာ။
တင်ဆက်ပြသမည့် ပြဇာတ်ကတော့ အများသိကြသည့်အတိုင်း ရွဲကုန်သည်ဇာတ်ပါခင်ဗျာ။
ခုတော့ ကျွန်တော်တို့ရဲ့ မင်းသားကျော် တောင်ရှည်ပုဆိုးပျောက်နေပါသဖြင့် သူ့ဇာတ်ကို မပြနိုင်သေးပါဘူး
ဟုပြောလိုက်သဖြင့် အောက်ကပရိက်သက်သည် တဝေါဝေါရယ်ကြလေသည်။ နောက်တတ်သောကာလသားတစ်ဦးက
တောင်ရှည်မပါတဲ့ သူ့ဇာတ်တော့ ဒို့များ မကြည့်ရဲပေါင်
ဟု အော်လေသည်။ ချက်ဆူက ဒါနှင့်မပြီးသေး။
ညနေကမှ ရွာအရှေ့ပိုင်းက ဦဘဦးအိမ်က ငှားလာတဲ့ ထမ်းပိုးနှစ်ချောင်းလည်း ဘယ်သူ မသွားသလဲ မသိလို့ ရွဲကုန်သည်တွေ ထမ်းပိုး
ရှာနေကြတယ်။
ထပ်ဆိုပြန်သည်။
ထမ်းပိုးမရှိလဲ ရွဲကုန်သည် ရွက်ပြီး ရောင်တော့ဗျာ ကျုပ်တို့ကြည့်ချင်လှပြီ
ဟု တချို့က အော်ကြသည်။ စဉ်အောက်မှာတော့ ကိုအောင်ကြီးဗျာများနေလေပြီ။ ပျောက်နေသောပစ်စည်းရှာမတွေ့တာ တမျိုး။
စင်ပေါ်တက်ပြီး ပြောချင်ရာပြောနေသော မြပုခက်ချက်ဆူကြောင့် စိတ်ညစ်နေသည်။
ချက်ဆူသည် ပြောစရာရှိသမျှ ပြောပြီးပေမယ့် စင်ပေါ်ကမဆင်းဘဲ မိုက်ကိုင်ကာ တောင်ကြည့်မြောက်ကြည့်လုပ်နေသည်။ ကိုအောင်ကြီးလည်း စင်နောက်မှ ချက်ဆူအားဆင်းခဲ့ရန် အော်ပြောပါသော်လည်း ချက်ဆူသည် မကြားသလား မကြားချင်ရောင်ဆောင် နေသလားမသိ လှည့်ပင်မကြည့်ချေ။ အဟမ်း၊ အဟမ်း.. ချက်ဆူတော့ အဟမ်းပြန်ပြီ။
ပရိတ်သက်ကြီးခင်ဗျာ။
ခုလို လူတွေလဲ စုံတုန်း ပြဇာတ်ကလည်း မစခင် ကျွန်တော်ပရိတ်သက်ကြီးကို သီဆိုဖျော်ဖြည်တင်ဆက်ပြချင်ပါတယ် ခွင့်ပြုပါခင်ဗျာ။
ထို့နောက် မိုက်ကို ဟန်ပါပါကိုင်ကာ တီးဝိုင်းမပါ ဗလာသက်သက် စင်ပေါ်မှာ ဟစ်ပါလေတော့သည်။ ထုံးစံအတိုင်း မြပုခက်တွင်းအိပ်စက်ရင်းနဲ့ ချက်ဆူတစ်ယောက် စင်ပေါ်မှာ သီဆိုရင်း ကွေးနေအောင်ကပါလေတော့သည်။
အောက်က ရွားသားတွေအားလုံးလည်း တ၀ါးဝါးဖြင့် ရယ်မောကာနေကြရသည်။
ထို့သို့ ချက်ဆူအောင်မြင်တာကို အားကြပြီး ရွာတောင်ပိုင်းက ကိုရှည်ကြီးကလည်း စင်နားမရောင်မလည်လုပ်နေရင်းမှ စင်ပေါ်တက်သွား ပါလေတော့သည်။ ထို့နောက် ချက်ဆူလက်မှ မိုက်ကို လုကာ
ပရိတ်သက်ကြီးခင်ဗျား ကျွန်တော့် နာမည် အရှည်ကြီးပါခင်ဗျာ
ဟု တရွာလုံးသိပြီးသားအမည်ကို မိတ်ဆက်လေသည်။ ရွာသားတွေလဲ လာပြန်ပြီးတစ်ယောက်ဟူသော မျက်လုံးများဖြင့် စင်ပေါ်ကိုသာ
ကြည့်နေကြတော့သည်။ ချက်ဆူလည်း မိုက်လုခံလိုက်ရသဖြင့် အသာနောက်ဆုတ်ကာ စင်ဘေးသွားရပ်နေလိုက်သည်။ ကိုရှည်ကြီးလည်း
မိတ်ဆက်ပြီးသကာလ ဘာဆက်လုပ်ရမလဲမသိ၊ ချက်ဆူအားကျလို့သာ တက်လာတာ ဘာဆိုမယ်လို့ မစဉ်းစားခဲ့မိဘူး။ ထို့ကြောင့် မိုက်ကိုင်ကာ ကြိုးလေးဆလိုက် စင်ဟိုဘက် ထောင့်သွားလိုက်၊ ကြိုးလေးဆလိုက် စင်ဒီဘက် ထောင့်ပြန်လျှောက်လာလိုက် လုပ်နေသဖြင့်
စင်အောက်မှ
ဟေ့အရှည်ကြီး မင်းစင်ပေါ်တက်ပြီး လှယဉ်ကျေးမယ်ပြိုင်ခိုင်းနေတာမဟုတ်ဘူး။ ဆိုမှာမြန်မြန်ဆိုပြီးဆင်း
ဟု စင်ပေါ်တက်ဖို့ချိန်နေသော မောင်ကြိုင်က အော်လေသည်။ ထို့ကြောင့် ကိုရှည်ကြီးအမြန်သီဆိုလိုက်ပုံက
ကြေးစည် ခိုင်းရမှာက ရိုးသယ်ထင်သယ် ပေးပူးလွှာ ပေးပူးလွှာ အမှာပါး ရမှာတော့ စိတ်သဲမှာ မလိုမလဲနဲ့ ရယ်မို့ ဖိုးလမင်းကို အောင်တွယ် ခိုင်းသော့မယ်။
ဟု စကားက မပြီ သဖြင့် အားလုံးရယ်မောကြလေသည်။ ထိုအထဲ ကိုရှည်ကြီးမှာ ဓါတ်စက်ဖြင့်လိုက်ဆိုတုန်းက ညည်းဖူးတာ ရသည်အောက် မေ့တယ် တကယ်ဆိုမှ ဆက်ဆိုရန်မေ့နေသဖြင့် ပေပူးလွှာ၊ ပေပူးလွှာ ဖြင့် မိုက်ကိုင်ကာ တလွှာတည်း လွှာနေသည်။ ထို့ကြောင့် မောင်ကြိုင်က
ဟေ့ကောင် သူ့ကိုမှ ချစ်မိနေပါတယ်
ဟု ဆိုသည်။ ထိုအခါ ကိုရှည်ကြီးက
သူ့ကိုမှ ချစ်မိနေပါတယ်
ပြီး ပေပူးလွှာ၊ပေပူးလွှာ လုပ်နေပြန်သည်။
မောင်ကြိုင်က
တွေ့နေမြင်နေကျမို့။
ကိုရှည်ကြီးလိုက်ဆိုသည်။
မောင်ကြိုင်က
ဖြေဖျောက်ဖို့လည်းမလွယ် ။
ကိုရှည်ကြီး၊ လိုက်ဆိုသည်။
ပရိတ်သက်မှာ တဝေါဝေါရယ်ကာနေကြတော့သည်။ ထို့ကြောင့်မောင်ကြိုင်သည် စင်ပေါ်တက်လာကာ မိုက်ဆွဲယူပြီး
မျက်စိထဲ တ၀ဲလည်လည် သြော်သူ့အလှပင့်ကူမြှေးသဖွယ်
ဖြင့် ဆက်ကာဟစ်ပါလေတော့သည်။
စင်အောက်မှာတော့ ဘုရားအလောင်းရွဲကုန်သည်လုပ်မည့် ကိုရာပြည့်နှင့် ဒေ၀ဒတ်ရွဲကုန်သည်လုပ်မည့် ကိုကိုထွန်းတို့ နဘန်းလုံးနေကြလေပြီ။ ဖြစ်ပုံက ဇာတ်စတိုက်ကတည်းက ကိုကိုထွန်းက ဘုရားလောင်းရွဲကုန်သည် လုပ်ချင်သည်။ ကိုရာပြည့်ကလဲ လုပ်ချင်သည်။ နောက်ဆုံး မဲနှိုက်ကာ ခွဲပေးခဲ့ရသည်။ သို့သော် ကိုကိုထွန်းက မကျေနပ်လှ။ သို့ကြောင့် ကိုရာပြည့်တောင်ရှည်ကို ၀ှက်ထားလိုက်သည်။ ဒါကိုသိသွားသဖြင့် ကိုရာပြည့်နှင့်ကိုကိုထွန်း စကားများပြီး နဘန်းလုံး နေကြခြင်းဖြစ်သည်။ ဘေးမှာ ကာလသား
များက ၀ိုင်းခွဲနေကြသည်။ အနီးရှိထိုင်ခုံပေါ်တွင် ကိုအောင်ကြီးမှာ စိတ်အပျက်ကြီးပျက်ခါ စင်ပေါ်ကြည့်လိုက် ရန်ပွဲကြည့်လိုက်ဖြင့် နဖူးကြောကြီးရှုံ့နေပါတော့သည်။
စင်ပေါ်တွင်လည်း အဆိုကျော်များ တစ်ယောက်ပြီးတစ်ယောက်တက်ကာ ဆိုနေသဖြင့် ညကိုးနာရီပင်ထိုးလေသည်။ ရွာသူကြီးလည်း မဖြစ်ချေဘူးငါ့သွား ပြောအုံးမှ စဉ်းစားကာ စင်နောက်ဘက်ရှိ အောင်ကြီးဆီသို့ လျှောက်လာခဲ့သည်။
မောင်အောင်ကြီး မင်းပြဇာတ်ကအုံးမှာလား။ စင်ပေါ်လဲကြည့်အုံး ဖြစ်ချင်တိုင်းဖြစ်နေပြီ
ဟုဆိုကာ ရွာသူကြီး စင်ပေါ်တက်လေတော့သည်။ ရွာသူကြီး စင်ပေါ်တက်လာသဖြင့် စင်ပေါ်မှ ကာလသားလဲ မိုက်လေးထိုးပေးကာ လစ်လေတော့သည်။ ရွာသူကြီးလည်း မိုက်ကိုင်ကာ ဘာပြောရမလဲ သဘောဖြင့် အောင်ကြီးအားလှည့်ကြည့်သည်။
အောင်ကြီးမှာ သူကြီးပြောသဖြင့် သူ့လူများအား အသင့်ပြင်ရန် လိုအပ်သည်များကို စီစဉ်နေသည်။ ထို့ကြောင့်သူကြီးလည်း အဟမ်းဟု စရုံရှိသေး။
အလိုတော် ကိုစံတိုး တော့ မကြီးမငယ်နဲ့ စင်ပေါ်တက်ပြီး ဆိုအုံးမလား။ ဆင်းခု ခုဆင်း
ဟု ထမိန်းကို တိုတိုဝတ်ရင်း ပြေးထလာသော သူကြီးကတော်။ ရွာသားတွေလဲ တစ်သောသောရယ်ကြလေတော့သည်။ ရွာသူကြီးလဲ ရှက်ရှက်ဖြစ်ထအော်ပုံက
ဟဲမနီ နင့်အာပြဲကြီးနဲ့ ထထအော်မနေနဲ့ ဒါအိမ်မှာမဟုတ်ဘူး လူကြားထဲကွ
ရွာသူကြီးကတော် အော်တာက ရိုးရိုးအော်တာဖြစ်ပေမယ့် ရွာသူကြီးက မိုက်ကိုင်ထားသဖြင့် တရွားလုံးကြားကာ ရယ်သံအုံးအုံးကြွက်ကြွက် မြည်လေသည်။ သူကြီးလည်း ရှက်ရှက်ဖြင့် အောင်ကြီး မင်းပြဇာတ်ခုစ။ မစငါနဲ့တွေ့မယ် ဒါဘဲ
ဟု မိုက်ချကာ ဆောင့်ကြီးအောင့်ကြီးဖြင့် စင်ပေါ်မှ ဆင်းသွားလေတော့သည်။
ပြဇာတ်တော့စလေပြီ။
ရွဲကုန်သည်လာပြီးဗျ ခင်နှမတို့ဆင်ကြဖို့ရာ ရွဲကုန်သည်လာပြီးဗျ။
ရွဲတွေ ရွဲတွေ။
ဟူသော ဓါတ်စက်က အသံကထွက်လာပြီး ရွဲကုန်သည်ကပေါ်မလာသေး။ သူစင်ပေါ်မရောက်သေးခင် ဓါက်စက်သမားက စဖွင့်သဖြင့် ကိုကိုထွန်းလည်း စင်ပေါ်ခုန်တက်ကာ ထမ်းပိုးကို ကောက်ထမ်း စင်ရှေ့ပြေးထွက်လိုက်ရသည်။ သို့သော် တောင်ရှည်ကသေချာဝတ် မထားသဖြင့် ကျွတ်ကြကာ အောက်ခံဘောင်းဘီတိုဖြင့် ကိုကိုထွန်းတစ်ယောက် ထမ်းပိုးကြီးထမ်းကာ ကားယားကြီးဖြစ်နေသည်။ ပရိတ်
သတ်ဟာဖြင့် ထိန်းမရအောင် ရယ်မောနေကြပါတော့သည်။ ကိုကိုထွန်းလည်း ဘောင်ဘီတိုဖြင့်သာ ဟန်မပျက် ရွဲကုန်သည်လာပြီဗျို့ အော်လိုက်ရသည်။ ဤသို့တင်ဆက်ပြသနေရင်းဖြင့် ယခုရောက်ရှိလာသောအခန်းမှာ ဒေ၀ဒတ်လောင်း ရွဲကုန်သည်က ရွှေခွက်ကို
ပဲတစေ့မျှအဖိုးမထိုက်တန်ဆိုကာ လွှင့်ပစ်ရမည့်အခန်းဖြစ်သည်။ သို့သော် ကိုကိုထွန်းတဖြစ်လဲ ဒေ၀ဒတ်ရွဲကုန်သည်က ကိုရာပြည့်ကို မကျေနပ်တော့
အိုအမေရဲ့ ဒီရွှေခွက်ဟာ အဖိုးထိုက်ရတနာပါ့ပေ့။ ရော့ ရှိသမျှ အကုန်ယူ ရွှေခွက်အားပေးပါလော့ဟု ဆိုကာ အမယ်အိုလက်မှ ရွှေခွက်ကို လုပါလေတော့သည်။ ပရိတ်သတ်ကြီးရဲ့ ဟာကနဲ့ အသံက ကျယ်လောင်စွာထွက်လာသည်။ ဇာတ်လမ်းက
သိထားတဲ့နှင့်မတူတမူထူးနေလေပြီ။ ထိုစဉ် စင်ပေါ်မှာတော့ အမယ်အိုက ရွှေခွက်ကို အတင်းဆွဲထားသည်။ ဒေ၀ဒတ်လောင်းလျှာ ရွဲကုန်သည်ကလည်း တဖက်က အတင်းဆွဲသဖြင့် စင်ပေါ်တွင် နှစ်ဦးသား ယိမ်းထိုးနေကြပါတော့သည်။ သို့သော် ကိုကိုထွန်းမှာ ဗလကောင်းသဖြင့် မြေးမလေးကလည်း အမေအိုဘက်မှ ၀ိုင်းဆွဲရပြန်သည်။ ကိုကိုထွန်း၏ ငါ့ရွှေခွက်ပေး ငါ့ရွှေခွက်ပေး အသံနှင့်
အတူ မပေးဘူး မဟုတ်ဘူးလေး မပေးဘူး မဟုတ်ဘူးလေ စကားသံကြောင့် ပရိတ်သက်ကြီးမှာ လှုပ်လှုပ်ရွရွဖြစ်နေပါတော့သည်။ ထိုအချိန်
စင်ပေါ်ကို အပြေးတတ်လာကြသူများကတော့ ကာလသားခေါင်း ကိုအောင်ကြီးနှင့် ကိုရာပြည့်တို့ဖြစ်သည်။ ကိုအောင်ကြီး၏
ဒီတွင်ပြဇာတ် တခန်းရပ်ပါပြီး ဟုဆိုသောအသံနှင့်အတူ ကိုရာပြည့်တောင်ရှည်ကို ဆွဲချွတ်ပြီးသကာလ နှစ်ဦးသား တစ်ဦးတစ်ဖက်ကိုင်
ပိတ်ကားချလိုက်ရပါတော့သည်။ ထိုသို့ဖြင့်ထိုညက ရွဲကုန်သည်ပြဇာတ်သည် တောင်ရှည်ပိတ်ကားဆွဲပြီး ပြီးဆုံးအောင်မြင်လိုက်ရပါသည်။

No comments:
Post a Comment