Wednesday, January 20, 2010

ပေါက်လိုက်တဲ့ဖူးစာ

တခါက ရွာတရွာမှာ ဘုန်းကြီးကျောင်းသား လူရွယ်လေးဖြစ်သော မောင်လူမွှေးခေါ်
လူငယ်တယောက်ရှိလေသည်။
မောင်လူမွှေးသည် ပျော်တတ်သော၊သဘောသကာယကောင်းသော လူငယ်ဖြစ်၏။

သို့သော်သူ့တွင် အားနည်းချက်တခုရှိလေသည်။ ထိုအရာမှာ အီးအလွန်
ပေါက်ခြင်းပင်ဖြစ်၏။ တခါက ဘုန်းကျောင်းသားများ ကစားနေကြစဉ်
မောင်လူမွှေးက

'ဒီနေ့ ဆွမ်းစားပန်းကန်ဆေးနဲ့ ရေခပ်ဖို့ ဘယ်သူအလှည့်ကြသလဲ'
ဟုမေးရာ တခြားကျောင်းသားငယ်လေးက

'ဒီနေ့ ကိုလူမွှေး အလှည့်ထင်တယ်' ဟုပြန်ဖြေ၏။

ထိုအခါ နဂိုတည်းက သိသိနှင့်မေးသော မောင်လူမွှေးလည်း ဒီနေ့ရေမထမ်း၊
ပန်းကန်မဆေးရရန် ကြံလျှက်ရှိလေသည်။ ထိုစဉ် မည်သူပေါက်လိုက်သိမသိ
သော အီးက အလွန်နံလေ၏။ ဘုန်းကျောင်းသားများလည်း သူပေါက်တာ ၊
ဟိုကောင်ပေါက်တာ၊ ငါမဟုတ်ဘူး စသည်ဖြင့် ဆူညံသွား၏။ ထိုခဏ
ဘုန်းကျောင်းသားတစ်ဦးက
'ဒါ ကိုလူမွှေးပဲ ဖြစ်ရမယ်' ဟုဆို၏။

ထိုအခါ မောင်လူမွှေးက
'ငါမပေါက်ဘူးကွ ဒီမှာ ကြည့် ငါ့အီးနံက' ဟုဆိုကာ မည်သို့လုပ်လေသည်မသိ
'ဘူ ဘူ' ဟု နှစ်ချက်ဆင့်က ပေါက်လိုက်လေသည်။

ထိုအခါ ဘုန်းကျောင်းသားများက
'ဟာ ကိုလူမွှေးကြီးက အီပေါက်တာ ပေါက်ချင်တဲ့အချိန်ပေါက်လို့ရတယ်ဗျ'
ဟု ဆိုသောအခါ မောင်လူမွှေးက

'ဒါက လွယ်လွယ်လေးပါ .. ငါပေါက်ချင်ရင် အချက်နှစ်ဆယ်လောက်
အသာလေးရတယ်ကွ' ဟု ဆိုလေသည်။
ထိုအခါ ဘုန်းကျောင်းသားတစ်ဦးက
'ဒါတော့ မဖြစ်နိုင်ဘူး အချက်နှစ်ဆယ်က နည်းတာမဟုတ်ဘူး'

'ဒါဆို မင်းနဲ့ငါလောင်းမလား ငါအချက်နှစ်ဆယ်ပေါက်ရင် ဒီနေ့မင်း ရေခပ် ၊ပန်း
ကန်ဆေး လုပ်ရမယ်၊ လောင်းမလား'

ထိုအခါ ထိုဘုန်းကျောင်းသားက
'စိန်လိုက်လေ' ဟု လောင်းမိရာ ထိုနေ့က ရေခပ် ပန်းကန်ဆေး လုပ်လိုက်ရသည် ဟူ၏။

ထိုအချိန်မှစကာ မောင်လူမွှေးအား ဘုန်းကျောင်းသားများက အီးအိုးကွဲ ဟု ခေါ်ကြလေသည်။
ထို့နောက်အခေါ်ပြောင်းကာ အိုးကွဲ (ခ) အိုးဂွဲ တွင်လေတော့သည်။

ထို့နောက် မှာတော့ လူပျိုပေါက်လေးအိုးဂွဲတစ်ယောက် နေ့စဉ်ဓူဝ ဆွမ်းခံ၊ ရေ
ခပ်လုပ်ရင်း တနေ့မှာတော့ ဆွမ်းခံသွားဆဲ ရွာလယ်ကန်နားဝယ် ရေထမ်းလာသူ
မိန်းမပျိုတစ်ယောက် ချော်လဲလေ၏။ အိုးဂွဲလည်း မိန်းမပျိုမို့ ရှက်ရွံ့ကာ
ဖေးမကူဖို့မေ့လျှော့နေလေ၏။

ထိုအခါ ဦးဇင်းက
'ဟဲ ကျောင်းသား မင့်အမသွားကူချေ' ဆိုမှ အိုးဂွဲလည်း ထိုမိန်းမပျိုအား ဖေးမကူပြီး
လဲကျနေသော ရေထမ်းပုံနှင့် ထမ်းပိုးအားလည်း ကောက်ယူပေးလိုက်လေသည်။

ထိုမိန်းမပျိုကား ရွာလယ်မှ ဒေါ်အေး၏သမီး အပျိုကြီးမမ မတင် ဖြစ်၏။
အိုးဂွဲလည်း မတင် အားဖေးကူတုန်းက အထိအတွေ့ကြောင်း လူပျိုပေါက်လေး ကတုန်ကရင်ဖြစ်ကာ
ငေးငိုင်ကာရပ်နေမိသည်။ ဦးဇင်းက
'ဟဲကလေးမ ဘယ်နာသွားသေးသလဲ'
မေးမှ သတိဝင်လို့ မတင် ကို တချက်ကြည့်ကာ ဆွမ်းတော်ကို ပြန်ထမ်းလိုက်သည်။
ထိုနေ့မှ စကာ အိုးဂွဲတယောက် အချစ်ရောဂါရလို့ မတင် ကိုနောက်ပိုးစလေတော့သည်။

ထိုချိန်က မိတင် သည် ရွာတောင်ပိုင်းက အောင်ကြီးအား မေတ်တာဆွေနေပုံရ၏။
အောင်ကြီးကလဲ ကြိုက်သလိုလိုမို့ တရားဝင် ချစ်သူများမဟုတ်ပေမယ့် အိုးဂွဲမှာ
တဖက်သက်ချစ်ရင်း ရင်လေးနေမိတော့သည်။

သို့သော် အောင်ကြီးက လူအေးမို့ ချစ်ရေးဆိုသည်အထိကာ မဖြစ်သေးပေ။
တနေ့ ဘုန်းကျောင်းသားတစ်ဦးသည် သိမ်ရှေ့က အဖြတ်ဝယ် အိုးဂွဲတယောက်
သိမ်ပေါ်ဝယ် ၀မ်းလျှားမှောက်လို့ စာရေးနေပုံတွေ့ရသည်။ ထို့ကြောင်အသာ
သွားကာ ခြောင်းသည်။ သို့သော် အိုးဂွဲက သိသွားကာ စာရွက်တခုကို ရင်ဘက်ထဲ
ထိုးထည့်လိုက်တာ တွေ့ရ၏။ ဘုန်းကျောင်းသားလေးလည်း မသင်္ကာပေမယ့်
မသိချင်ယောင်ဆောင်ကာ နေလိုက်သည်။ ထို့နောက် ဆရာတော်က ဆွမ်းခံကြွရန်
ပြင်ခိုင်းနေကြောင်းပြောကာ သိမ်ပေါ်မှ ပြန်ဆင်းသွားသည်။

ထိုအခါမှ အိုးဂွဲလည်း ရေးထားသော ရည်းစားစာကို အသာပြန်ထုတ်ဖတ်ကာ
အမြန်လက်စသတ်ပြီး အမည်ရေး ဆိုင်းထိုးပြီး သကာလ ဆွမ်းတော်ပြင်ရန်ထွက်ခွာ
သွား၏။ ထို့နောက် သပိတ်စင်နားဝယ် သပိတ်ကိုယူပြီးသကာလ ထွက်မသွားသေး
ပဲ ရေးထားသောစာအား စိတ်မကျေနပ်သမို့ ထုတ်ကာဖတ်ပြန်လေသည်။

ထိုအချိန် နောက်မှ အသာလိုက်ခြောင်းသော ဘုန်းကျောင်းသားကြောင့် အမြန်သပိတ်ထဲ ထည့်လိုက်ရသည်။

'ကိုအိုးဂွဲ သပိတ်ထဲ ဘာထည့်တာလဲ'
'ဘာမှမထည့်ပါဘူးကွ'
'ထည့်ပါတယ် ပြစမ်း' ဟုဆိုကာ အတင်းလိုက်ပြီး သပိတ်ကိုလုလေ၏။

ထို့ကြောင့်အိုးဂွဲလည်း ရှေ့က ၊ ဘုန်းကျောင်းသားက နောက်က လိုက်ရင်း
ဦးဇင်းထွက်လာမည့် ကျောင်းလှေကားနားဆီ ပြေးလေ၏။
သို့သော်ကံဆိုးစွာ ဦးဇင်းက ရောက်နှင့်နေပြီ သပိတ်အား လက်လှမ်းကာ
တောင်းလေတော့သည်။

ပထမတွင် အိုးဂွဲလဲ လက်ထဲမှ သပိတ်အား လှမ်းပေးမိလေ၏။ နောက် သတိရချိန်တွင်
ဦးဇင်းက သပိတ်ကို ပိုက်လျှက်သားဖြစ်နေပြီ။
ထို့ကြောင့် သပိတ်အားပြန်လုရန် အရှေ့လှမ်းအတက်တွင် နောက်မှ ကျောင်းသားက
လက်တဖက်ကို အတင်းဆွဲထားသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်လို့နေလေသည်။

ထိုအခါ ဦးဇင်းက နောက်လှည့်ကြည့်ရင်း
'ဟဲ ကျောင်းသားတွေ ဘာဖြစ်နေကြသတုံး.. သွားအမြန် ဆိုင်းထမ်းချေ'
ဆိုသောကြောင့် အိုးဂွဲခမျာ ငိုမဲ့မဲ့မျက်နှာဖြင့် နောက်မှ ဆိုင်းထမ်းကာ လိုက်ရရှာလေသည်။

ဦးဇင်းလည်း မျက်လွှာကိုချကာ သိက်ခါတော်အပြည့်ဖြင့် ရှေ့ကကြွ၏။ ဘုန်းကျောင်း
သားလေးက ကြေးစည်အား တနှောင် နှောင် ထုပါသော်လည်း အိုးဂွဲ ခမျာ
'ဆွမ်းတော်ဗျို့' ဟုမအော်နိုင်ဖြစ်နေရှာသည်။

များမကြာမီ ရွာထိပ်ရှိ အပျိုကြီးမပူး အိမ်ရှေ့ရောက်လို့လာ၏။ ဤနေရာတွင်
မပူးအကြောင်းအနည်းငယ်မျှ ပြောပြချင်သည်။ မပူးမှာ ရုပ်ရည်မဆိုးလှပါ။
အသားညို၏။ အရပ်အနည်းငယ် ပု၏။ စကားများ၏။ သို့ထက်ပိုသည်မှာ
မပူးသည် အနည်းငယ်ဝ၏။ အနည်းငယ်ဟု မပူးအား အားနာပြီး ဆိုရသော်လည်း
အမှန်မှာ အတော်ပင်ဝပါသည်။


ဤသို့ဖြင့် လူနေအိမ်နဲ့နီးလေး အိုးဂွဲမှာ မရူနိုင်မရိုက်နိုင်ဖြစ်လေဖြစ်ရ၏။
မပူးလည်း သဘက်လေးပုခုံးပေါ်တင်ကာ ဆွမ်းတော်လောင်းရန် ထွက်လာသည်။
မပူးသည် ထိုဦးဇင်းအား အလွန်ကြည်ညို၏။
ငယ်ဖြူလည်းဖြစ် သိက်ခါလည်း ကြည်ညိုဖွယ်မို့ နေ့စဉ်ဆွမ်းမပြတ်လောင်၏။
ဦးဇင်းလည်း ခြေစုံရပ်ကာ မပူး အားစောင့်နေ၏။

မပူးလည်း 'ရပ်တော်မူပါ ဘုရား' ဟု ပြောရင်း ခပ်သုတ်သုတ်လျှောက်လာသည်။
ဦးဇင်းလည်း သပိတ်အဖုံးကိုအသာဟကာ ဖွင့်ပေးလိုက်သည်။ မပူးက
ဖိနပ်လေးချွပ်ကာ လက်ထဲရှိ ထမင်းဖြူခွပ်အား လောင်းထည့်ရန် သပိတ်ဆီ
မျက်စိအရောက်ဝယ် စာခေါက်ကလေးသည် သပိတ်အတွင်းဝယ် အပျိုကြီးအား
ဖမ်းစားထားလေတော့သည်။

ထိုအခါရည်းစားစာတခါမှ မရဖူးသော အပျိုကြီး၏မျက်နှာကား နီရာမှ မဲကာ သပြေသီးမှည့်ရောင်ထ၏။
ထိုခဏ အပျိုကြီးစဉ်းစားပုံက
'အင်း ဦးဇင်းငယ်ဖြူ လူထွက်ချင်ပုံရသည်၊ ငါ့အားလည်း နှစ်သက်ပုံပေါ်သည်၊
ကြိုက်မည့်သူပေါ်တော့လည်း ဦးဇင်းမို့သာသနာတော့ မျက်နှာပူပါဘိ ဒါပေမယ့်'
ဟုတွေးက မျက်နှာဝယ်သွေးရောင်ပြန်လွှမ်းလို့ အုတ်နီခဲရောင်ထပြန်လေသည်။

ထိုခဏ ဦးဇင်းက 'ဒကာမကြီး .. လောင်းလေ နေမှကောင်းရဲ့လား'
အမေးကို
'အင်း ဦးဇင်းကတော့ ယူခိုင်းနေဘီ'
ဟုထင်မိ၏။ ဟိုဘက်ခြံမှ ကလေးမကလည်း ဆွမ်းလောင်းရန် ခြံပေါက်ဝမှ စောင့်နေသည်။
ထို့ကြောင့် မပူးစဉ်းစားပုံမှာ

'အင်း ငါမယူလိုက်ရင် ဟိုဘက်အိမ်က ကလေးမ ဆွမ်းလောင်းရင်တွေ့မှာ၊ ဒါဆို
ကျော်မကောင်း ကြားမကောင်းဖြစ်ရချည်ရဲ့၊ ဦးဇင်းလည်း ၀ှက်ချိန်မရလောက်ပေဘူး'

ဟု ဆုံးဖြတ်ကာ စာခေါက်ကလေးအား လက်ဖြင့် ဆုပ်ကာ ၀ှက်ယူပြီး ဆွမ်းလောင်း
ကာ ခြံထဲ အမြန်ဝင်လေသည်။ ထိုနေ့က ဆွမ်းတော်အပြန်တွင် အပျိုကြီးအိမ်ရှေ့မှ
ဖြတ်ရာဝယ် ချွေးစေးများပြန်မိသော်လည်း အပျိုကြီးအား အိမ်ရှေ့ဝယ် မတွေ့ရချေ။

ထိုအချိန်တွင် မပူးမှာ အိမ်ခန်းထဲဝယ် ကုတင်ပေါ်လှဲလို့ လူအလစ်ဝယ် စာခိုးဖတ်
နေ၏။ ဦးဇင်းလေးအား မြင်ယောင်ရင်း ရင်တထိတ်ထိတ်ဖြင့် စာအားဖွင့်လိုက်၏။
သို့
မမ ဖြင့်စ၏။
'မောင်လူ့အချစ်ကို ပြောရရင် မမရေထမ်းတုန်းကပါ'
ဟုပထမတကြောင်းဖတ်ပြီးသောအခါ

'အော်မောင်ဦးဇင်းနှယ် ချစ်တာများ လူ့အချစ် ဦးဇင်းအချစ် ရှိပါအုံးမတော်'
ရေရွတ်မိ၏။ ထို့နောက်ဆက်ဖတ်၏။

'မမအလှကိုတွေ့တွေ့ချင်း မောင်လူ့စိတ်တွေ ပြောင်းခဲ့ရတယ် မမရယ်'

ထိုအခါ အပျိုကြီးက
'အော်သူ့ခမျာ ငါ့အလှမှ နစ်မျောပြီး လူထွက်ချင်ပါပေါ့' ဟူ၏။
ဆက်ဖက်၏။

'ရင်မှာ ၀င်ပူးကပ်သွားတဲ့ အချစ်ပူးလေးကြောင့်
ဘုရားရှင်ခိုးလဲ ပူး ၊ ဆွမ်းတော်ခံလည်း ပူး၊ ဘာလုပ်လုပ်ပူးနေပါဘီ'

ထိုအခါ 'အင်း ဦးဇင်း ကြည့်ရတာ တည်တည်ငြိမ်ငြိမ်ပါဘဲ သို့သော်
သူ့ခမျာ သာသနာမှာမပျော်နိုင်အောင် အချစ်ရောဂါပူးကပ်နေပါရောလား'
ဟု ဂရုဏာဖြစ်မိ၏။

ဆက်ဖက်ပြန်သည်။

'များမကြာမှီ ဘုန်းကျောင်းမှ ထွက်ကာ စာရင်းငှားလုပ်ပြီး နီးစပ်ရန်ကြိုးစားပါမည်
မမ ရဲ့အချစ်အားလည်း မျှော်လင့် စောင့်စားမိပါသည်'

ထိုအခါ အပျိုကြီးမှာ မျက်ရည်များပင်လည်လို့
'အော် လူတောင်ထွက်ပြီး သူ့ခမျာ လယ်စာရင်းငှားလုပ်အုံးမည်တဲ့
သူ့ခမျာ ငါ့အတော်ချစ် ရှာပါးလား'

ဟုစဉ်းစားမိကာ ဂရုဏာမှ မေတ်တာတွေပွားလာပါတော့သည်။
ဆက်ဖက်ရန်ကြည့်သည်။ သို့သော် စာက ဆုံးသွား၏။

အဆုံးသက်ဝယ် စာနှစ်ကြောင်းကို တွေ့သောအခါမှ အပျိုကြီးမှာ
ခံစားချက်တွေ လေထဲလွင့်ပြီး ကားယားကြီးဖြစ်နေ၏။

ထိုစာနှစ်ကြောင်းမှာ
'ဂွဲချစ်တဲ့မမရဲ့ အချစ်ကိုမျှော်လင့်လျှက်'
'ဂွဲ' ဟူ၏။

ထိုအခါမှ မောင်လူမွှေးစာမှန်းသိပြီး အပျိုကြီးခမျာ မေတ်တာ၊ဂရုဏာ
ဓါတ်အသစ်တွေဖြစ်စေရန် စာအား နောက် နှစ်ခေါက်ခန့်ဖတ်ကာ ရှိသမျှအချစ်တွေကို
အရှုံးမပေးပဲ အပျိုကြီးကျွတ်ရေး အကုန်ပေးလိုက်ချင်တာကြောင့်
ဦးဇင်းကြီး ဖျောက်ကာ မောင်လူမွှေးရောက်စေသတည်းဟု ဆုံးဖြတ်လိုက်လေသည်။

ထို့နောက်မှာတော့ အပျိုကြီးလည်း အိုးဂွဲအား တွေ့ချင်ပါသော်လည်း ဆွမ်းတော်
မလိုက် ၊ ဘုန်းကျောင်းလဲမလာ အိမ်မှာသာ ခွေနေသည်ကြားသဖြင့် မတွေ့နိုင်ဖြစ်
ရသည်။

နောက်များမကြာမီ ရွာလည်အလှူပွဲတွင် အပျိုများ ၀ိုင်းကူရင်း ညအိပ်ဖြစ်
ကြသည်။ ထိုညက အိုးဂွဲလည်း မိတင်အားပိုးရန် အလှူ့အိမ်တွင်ရောက်ရှိနေသည်။
အပျိုကြီးနဲ့ မတင်လည်း ထိုအိမ်တွင်ရှိနေကြသည်။ ထိုညနေက အိုးဂွဲသည်
မိတင်အားချိန်းပေးရန် အပျိုတယောက်ကို အကူအညီတောင်းရာ ထိုအပျိုက ကတိခံ
၏။

ထို့ကြောင့် ရဲဆေးတင်ကာ အရက်အနည်းငယ်သောက်မိပြီး အနည်းငယ်မျှ
ထွေနေ၏။ ဤနေရာတွင် အလှူ့အိမ်ပုံအနည်းငယ်ပြောချင်သည်။
အိမ်ပုံမှာ ခြေတံရှည်အိမ်ဖြစ်သည်။ အိမ်အောက်တွင်လည်း ကြက်ခြံ၊၀က်ခြံနှင့်
စပါးပုတ်များရှိလေသည်။ ထို့ကြောင့် အိမ်ရှေ့တွင် မီးစက်မီးရှိသော်လည်း
အိမ်အောက်မှာ အတော်ပင်မှောင်နေ၏။

ထို့ကြောင့် အိုးဂွဲလည်း အိမ်အောက် အမှောင်ရိပ်ဝယ် အချိန်းအချက်အလာကို
မျှော်နေချိန်ဖြစ်ပါသည်။

နောက်ဆယ်မိနစ်ခန့်ကြာသော် အိုးဂွဲလည်း ဂဏာမငြိမ်ဖြစ်လာကာ နေရာရွေ့မိ၏။
ထိုအခါ အိပ်နေသော ၀က်၏အမြီးအား နင်းမိလေသည်။ ၀က်ကြီးက တအစ်အစ်ထ
အော်သောကြောင့် အမူးပင်ပြေချင်၏။ အသာ လက်ဖြင့် ၀က်ကြီးအား ပွတ်သက်ပေး
မှ ပြန်လည်ငြိမ်သွားသည်။ ထို့ကြောင့်လက်ကို ပြန်ရုပ်ရာ ပြန်အော်သဖြင့် ပွတ်ပေးရ
ပြန်၏။ ဤသို့ဖြင့် အိုးဂွဲခမျာ ၀က်ကြီးအားလက်မလွှတ်ရဲပဲ တချိန်လုံး ပွတ်ပေးနေရ
ရှာသည်။ ၀က်ကြီးကလည်း ပွတ်ပေးသောကြောင့် သူ့ဖက်တိုးပြီးရင်းတိုးလာရာ
အိုးဂွဲမှာ အိမ်လည်တိုင်းဖြင့် ကျောပင်ကပ်မိလေသည်။

ထိုအချိန် အိမ်လည်တိုင်မှ သံတချောင်းက အီးနှောင့်ရိုးနားလောက်တွင် ဖိထားသလို
မို့ အနည်းငယ် အောင့်နေသည်။ ထိုနေရာမှာ အီးကြောဖြစ်၏။
ဒါကို သူသာအသိဆုံးဖြစ်သည်။ သူအီးအများကြီးပေါက်ခြင်းမှာ ထိုအီးကြောကို
ဖိပြီး ပေါက်ခြင်းဖြစ်သည်။ ထို့ကြောင့်အီးပေါက်တော့မည်ကိုသိသော
အိုးဂွဲမှာ ချွေးသီးများပင် ကျလာမိသည်။ နောက်ဆုံး အသာအယာ မြေပေါ်ဖင်ချထိုင်ကာ
မြေကြီးနှင့်ညှပ်ပေါက်လိုက်၏။ ထိုအခါ ထွက်လာသော အသံမှာ သံရှည်စွဲပြီး ထွက်လာ၏။

'ဘူး...၀ူး...၀ူး...' ဟူ၏။

ထိုအချိန် အပေါ်တည့်တည့်အိမ်ပေါ်ဝယ် အလှူအတွက် ကြက်သွန်ခွာနေသော အပျို
တသိုက်က
'ဟဲ မပူး ညည်းနာမည်ခေါ်သံကြားမိသလိုဘဲ' ဟု ဘူး ကို ပူး ကြားကပြောဆို၏။
'ငါမကြားပါဘူး'

အောက်မှ အိုးဂွဲကတော့မသိရှာ နောက်လာအုံးမည့် သုံးလေးလုံးအတွက် သူ့မှာ အ
လုပ်ရှုပ်နေ၏။ ထိုအချိန် ဒုတိယအလုံးက လေသံများများဖြင့်

'ရှူး' ဟုသံရှည်စွဲကာ မြည်၏။
ထိုအသံကိုတော့ အစောက နားစွင့်နေသော အပျိုအားလုံးကြားကုန်၏။
'ဟဲ့ ရှူးတဲ့' 'အေး ဟုတ်တယ်တော့' ဟုဆိုကာ နားစွင့်ပြန်သည်။

ထိုအခါ 'ပူး' ဟုထက်ကြား၏။ ဒါကို မပူးကြားတော့ မောင်လူမွှေဟု ထင်ကာ

'ငါတော့ မကြားပါဘူး။ ကဲ ကဲ ညည်းတို့ လုပ်နှင့်ကြ ၊ ငါအရီးကို
နောက်ဖေးမှာသွားကူ လိုက်အုံးမည်'

ဟု ဆိုကာ နောက်ဖေးမှ အိမ်အောက်ကို ဆင်းသွား၏။ အိမ်အောက်ဝယ်
အတော်ပင်မှောင်နေသော်လည်း မောင်လူမွှေးအား မသဲမကွဲမြင်ရသည်။
မောင်လူမွှေးလည်း မတင်မှာ ယခု အတော်ပင်ဝသည်ဟု မြင်မိ၏။ မိမိသည်
အတော်ထွေလို့ မတင်အား နှစ်ဆခန့်မြင်ရသည်ဟု ထင်မိသည်။ မပူးနဲ့မတင်မှာလည်း
အရပ်က မတိမ်းမယိမ်းမို့ မတင် သာထင်မိလေတော့သည်။

အနားရောက်လာသော မပူးအား စကားပြောလျှင် အပေါ်မှ ကြားမည်စိုးသော
ကြောင့် ပါးစပ်မသုံးပဲ လက်သုံးကာ ပြော၏။
လက်ဖြင့် မပူး၏လက်ကို ကိုင်ခြင်းဖြစ်ပါသည်။ ထို့နောက် တဆင့်တက်ကာ
မပူးအား ဖက်ထားလိုက်သည်။ ထို့နောက် ဇာတ်ရှိန်တက်ကာ ဘာလုပ်သည်
အသေးစိတ်မသိရတော့ပေ။

များမကြာမီ အပေါ်မှအပျိုတသိုက်နှင့် အိမ်ရှေ့ရှိလူများ ကြားလိုက်ရသည်မှာ
ဝက်ကြီး၏ ငယ်သံပါအောင် အော်လိုက်သောအသံဖြစ်၏။

ထိုဝက်ကြီးအော်သံကြောင့် လူကြီးများက ဓါတ်မီးဖြင့်ဝိုင်းထိုးကြရာ
အိုးဂွဲသည် မိန်းမပျိုတယောက်အား ဖက်ထားသည်ကို တွေ့ကြရသည်။
ဝက်ကျြီးမှာ ဆွေ့ဆွေ့ခုန်လျှက် တိုင်အားပတ်ပြေးနေ၏။

ထိုနောက် လူကြီးများ အိမ်အောက်ဝယ် ၀ိုင်းလာကြပါသည်။ ထိုအချိန်ထိ အိုးဂွဲ
သည် အပျိုကြီးမပူးမှန်းမသိသေးချေ။ အဘယ့်ကြောင့်ဆိုသော် အပျိုကြီးသည်
ဝက်ကြီးအော်အပြီး ဓါတ်မီးရောင်လာကတည်းက အိုးဂွဲရင်ဘတ်တွင် မျက်နှာအပ်ထား
ခြင်းကြောင့်ပေတည်း။ လူကြီးများလည်း အိုးဂွဲအား ပြုံးစိစိဖြင့်ကြည့်ကာ

'အိုးဂွဲရာ ချိန်းစရာရှားလို့ ၀က်ခြံထဲ ချိန်းရတယ်လို့။ ခုတော့ ၀က်ကြီးခမျာ သင်းစရာ
တောင်မလိုတော့ဘူး'

ဆိုပြီး ၀ိုင်းရယ်ကြရာ ။ အိုးဂွဲလဲ ရှက်ရှက်နဲ့ ပြောလိုက်တာက

'ဒီလိုအရေးကောင်းမှ ဒင်းကောင်ဝင်ဖြတ်တယ် မင်္ဂလာဆောင်ရင် ဒင်းသေဘီမှတ်'

ဟုဆိုကာ ရင်ခွင်ထဲမှ မဒီအား ဆွဲခွါလိုက်ရင်းပဲ အိုးဂွဲအော်လိုက်ပုံက

'အောင်မလေးဗျ ၀က်ကြီးရယ် နင် ငါ့ဟာသာနင်းလိုက်ပါတော့' ဟူ၏။

ဤသို့ဖြင့် အိုးဂွဲတယောက် ဂွဲချစ်တဲ့မမနဲ့ဝေးသွားပေမယ့်
မမချစ်တဲ့ဂွဲဖြစ်ခဲ့ရလို့ ခုများတော့ ကလေးသုံးယောက်အဖေကြီးဖြစ်လို့နေလေပြီ။
ဝက်ကြီးကတော့ ဘ၀ဆုံးပြီဆိုကာ မင်္ဂလာပွဲမှာ အဆုံးစီရင်သွားရှာသတဲ့။

No comments:

Post a Comment