အမေသည် ရွာတွင်သာ ပျော်ပြီး သားသမီးများအမှုကိစ်စတွင်သာ အချိန်ကုန်ပြီး ဘယ်မျှမသွားဘူးပါ။
တကယ့်တောသူစင်စစ်ဖြစ်ပေသည်။ ရန်ကုန်မြို့ဟုတွင်သည့် မြို့တော်ကြီးကိုပင် အသက် ၅၀ကျော်မှ
ရောက်ဖူးပေသည်။ ပိတ်ကားထောင်ရုပ်ရှင်ကို ဓါတ်ရှင်ဟုခေါ်တတ်ကြသည်။ ရွာတွင်တီဗီပေါ်ခါစက
အင်္ဂလိပ်စကား တယ်လီဗေးရှင်းကြီးဟု သုံးကြသည်။ အမေသည် စကားလုံးအသစ်တွေ့
လျှင်မှတ်သားတတ်ပြီး ကြုံတိုင်းလဲ တွင်တွင်သုံးလေ့ရှိသည်။ ထိုမှတဆင့်
သားသမီးများ တချို့ပညာစုံပြီး ရန်ကုန်တွင်အခြေချရာမှ အမေသည် ရန်ကုန်မြို့ကြီးရောက်လို့လာခဲ့သည်။
ရန်ကုန်ရောက်တော့ အမေစသင်သော စကားလုံးမှာ ဖုန်းဖြစ်သည်။ မှတ်မိသလောက် ဖုန်းလာလျှင် အမေပျော်သည်။
သို့သော် ဖုန်းပြောရတာ လူများလျှင် အမေတွန့်ဆုတ်နေတတ်သည်။ ပြောရတာ ရှက်ရွံနေတတ်သည်။ ဖုန်းပြောဘီး
ပြန်လာလျှင် အမေပြောနေကြက အံ့ရော ငါ့သားအသံလေး ကြည်နေတာဘဲ ရွာမှာတုန်းက ဓါတ်စက်(အသံချဲ့စက်) ကြီးနဲ့
အော်ရင်တောင် တခြားရွာက မကြားရဘူးတဲ့။ နောက်တော့ အကိုက ကွန်ပျူတာတလုံး ၀ယ်တယ်။ ကျွန်တော်ကွန်ပြူတာ
နှိပ်ရင် အမေလာကြည့် တယ်။ ငါ့သား ခလုပ်တွေနှိပ်တာ အေဘီစီတွေပေါ်တယ် ။ အသံရော၊ရုပ်ရှင်ပါကြည့်လို့ရတယ်။ ငါ့သားက ကွန်ပြူတာပညာတတ်ကြီးဖြစ်နေဘီလို့ လာသမျှလူပြောတော့ မသိတဲ့သူတွေရှေ့မှာ ခပ်တည်တည်နေတတ်ပေမယ့် သိတဲ့လူများနဲ့ကြတော့
ကျွန်တော့မှာ စပ်ဖြီးဖြီးလုပ်နေရတယ်။ တနေ့ အကို့သူငယ်ချင်းဖြစ်သူ ကွန်ပြူတာလာသုံးတယ်။ ရန်ကုန်မီးကလဲ မကြာခဏ
ပျက်တော့ သူ့ခများ လုပ်လိုက် စေ့မလုပ်မိလို့ အစကပြန်လုပ်လိုက် ဖြစ်နေတယ်။ စေ့လုပ်တတ်တဲ့အကျင့်လဲ မရှိဘူး။
ဒီတော့ အကိုက ဟေ့ကောင် ငါဘယ်နှစ်ခါပြောရမလဲ စေ့လုပ်ပါဆိုတာ။ ဒါကို အမေကြား တော့
မီးဖိုချောင်ဝင်လိုက် ပြန်ထွက်လာလိုက် ဟဲကောင်လေး စေ့လုပ်နော် ပြန်ဝင်သွားလိုက်။ ဟဲကောင်လေးစေ့လုပ်နော်
တော်ကြာပျောက်သွားဦးမယ် ခဏခဏပြောလို့ ပြုံးစိစိနဲ့ ဖြစ်နေရတယ်။ အဲဒီသူငယ်ချင်းဆို ကြုံတိုင်းလဲပြောရှာတယ်
မင်းအမေ့ရဲ့စေ့လုပ်နော် စကားသတိရနေလို့ ငါစေ့လုပ်တာ အကျင့်ရသွားဘီတဲ့။ နောက်တော့ ကျွန်တော်နိုင်ငံခြားသွားတော့
ဓါတ်ပုံများကို အီးမေးလ်ကတဆင့် သူငယ်ချင်းဆီပို့ပါတယ်။ သူငယ်ချင်းက ဓါတ်ပုံကို ပရင့်ထုတ်ပြီးအမေ့ကို ပေးတယ်။ ပြီးတော့
အမေ့သား နိုင်ငံခြားက အီးမေးလ်ပို့ပြီးပေးလိုက်တာလေ ဆိုတော့ အီးမေးလ်ကိုမှတ်ထားပြီး ရွာကလာသမျှလူအကုန် ဓါတ်ပုံလေးထုတ်ပြလို့
ငါ့သား အီးမေးလ်ဆိုတာကြီးနဲ့ နိုင်ငံခြားကပို့လိုက်တာ ပြောရှာတယ်။ နောက်များ ကျွန်တော်နဲ့ဖုန်းပြောတိုင်း ငါ့သားအီးမေးပို့ပါခဏခဏပြောလို့ ဓါတ်ပုံတွေရှာကြံရိုက်ပြီးပို့ရတယ်။ တနေ့သူငယ်ချင်းက အင်တာနက်မကောင်းလို့ အီးမေးလ်ဖတ်မရဘူးပြောတော့။ အင်တာနက်ဘာလဲ မေးတာ သူငယ်ချင်းလဲ ဘယ်လိုရှင်းရမှန်းမသိတော့ အမေ့သားစာပို့ရင် အဲဒီအင်တာနက်ကြီးက ယူလာတာ။ အဲဒီ အင်တာနက်ကြီးခု ဆက်သွယ်ရေးမလုပ်နိုင်ဘူးပြောခဲ့တယ်။ နောက်ရက် ကျွန်တော်နဲ့ဖုန်းပြောတော့ ငါ့သားရေ အင်တာနက်ကြီးအလုပ်မဆင်းလို့ မင်းအီးမေး အမေမရဘူးတဲ့။ ကျွန်တော့မှာ ဘာပြောရမှန်းမသိဘူး။ အင်း အင်း လိုက်လိုက်ရတယ်။ နောက်တော့ တူမလေးတွေက အင်တာနက် သုံးတော့ ၀က်ကမ်နဲ့ စကားပြောတာ သိလာတယ်။ ဒီတော့ အဘွား လုပ်သူကို ပြောတယ်။ အမေကြီး.. ဦးဦးနဲ့ အရုပ်ကြည့်ပြီးစကားပြောရတဲ့ အင်တာနက်ကြီးရှိတယ် ပြောတော့ ။ နောက်နေ့ဖုန်းဆက်ရင်ဘဲ ငါ့သား အင်တာနက်ကြီးက အရုပ်ကြည့်ပြီးငါ့သားနဲ့ စကားပြောချင်သတဲ့။ ဗုဒ်ဓေါ.. အမေတယ်တိုးတက်လာပါလား ။ ဒါနဲ့ ဖုန်းအိမ်က ဦးလေးကို ကျွန်တော့ ဗွီဇက်အို အကောင့် မှတ်ခိုင်းပြီး ၊ အမေ့မြေးတယောက်ခေါ်သွားပြီး အင်တာနက်ဆိုင်မှာ အဲဒါပြ အရုပ်ကြည့်ပြီးစကားပြောချင်တယ် မှာလိုက်ကတည်းက အပတ်တိုင်းရောက်လာတဲ့ အမေ့မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ စထိုင်ကတည်းက ပြုံးနေလိုက်တာ (လှအောင်တဲ့) ပြန်တဲ့အထိပါဘဲ။ လာသမျှလူတိုင်းကိုလဲ နိုင်ငံခြားကငါ့သားအရုပ်နဲ့ အင်တာနက်ကြီးကြည့်ပြီးပြောလို့ရကြောင်း မမောနိုင်အောင်ပြောနေတတ်တဲ့ အသက် ၇၀ ကျော် အမေ့ကို မြင်ယောင်ရင်း..
မြင်ယောင် ရင် အမေနားမှာနေ ပါလား။ :P
ReplyDelete